ဗန်းမော်မြို့မှ အသက် ၁၆ နှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးသည် ယမန်နေ့ညက ပျောက်ဆုံးသွားကြောင်း သိရသည်။
မင်းလှရပ်ကွက်တွင်နေထိုင်သည့် ပျောက်ဆုံးသွားသူသည် ယမန်နေ့ည ကိုးနာရီခန့်က နေအိမ်မှထွက်သွားပြီး ယခုချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူက The 74 Media ကိုပြောသည်။

“ဘာမှလည်းမပြောဘူး၊ သူတစ်ယောက်တည်းပဲ တိတ်တိတ်လေး ထွက်သွားတာ၊ အိမ်ကနေတော့ ဘာမှလည်းမယူသွားဘူး။ ဖုန်းဆက်လို့လည်းမရဘူး စက်ပိတ်ထားတယ်တဲ့၊ သူ့သူငယ်ချင်းတွေမှာလည်း မရှိဘူး။ အခုထိလိုက်ရှာတာမြို့တွေလည်းနှံ့နေပြီ ဘယ်လိုမှရှာလို့မတွေ့ဘူး၊ ဆက်သွယ်လို့လည်း မရဘူး” ဟုပြောသည်။

အပေါင်းအသင်းများနှင့် သူမနှင့်နီးစပ်သူများထံ လိုက်လံရှာဖွေခဲ့ကာ လူပျောက်တိုင်ကြားခြင်းမရှိသဖြင့် တွေ့ရှိပါက အစ်ကိုဖြစ်သူ၏ ဖုန်းနံပါတ်ဖြစ်သော ၀၉၆၉၆၉၅၀၅၀၀ သို့ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ပြောသည်။

ပျောက်ဆုံးနေသူ အသက် ၁၆ နှစ်ခန့်အရွယ်ရှိ မစိုးထိုက်ထိုက်စံမှာ အရပ်ရှည်၊ အသားညို၊ ဆံပင်ဂုတ်ဝဲပုံစံနှင့်ဖြစ်ပြီး နေအိမ်မှထွက်သွားချိန်တွင် အင်္ကျီအဝါရောင်လက်ရှည်ကို ဝတ်ဆင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း ဗန်းမော်မြို့မှ တိမ်းဖာတောင်ရိပ်သာတွင် သီလရှင်ဝတ်နေချိန် မခင်မျိုးချစ်ဆိုသူ ပျောက်ဆုံးသွားခဲ့ပြီး တစ်လကျော်ခန့်အကြာတွင် ပြန်လည်းတွေ့ရှိခဲ့ကြောင်းသိရသည်။

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ