စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်တစ်ဦးကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နမ္မတီးမြို့အဝင်တွင် ယမန်နေ့နံနက် ရှစ်နာရီခန့်က ပစ်ခတ်ခဲ့ကြောင်း သိရသည်။
နမ္မတီးမြို့အဝင် ရှုခင်းသာကျောက်တောင်အနီးတွင် အမည်မသိလူလေးဦးက လာရောက်ပစ်ခတ်ခဲ့သည်ဟု နမ္မတီးဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကြံရည်ဆိုင်မှာထိုင်နေတာတဲ့ အဲ့စရဖဆရာကြီးက။ လေးယောက်လာပြီးမှမေးတာတဲ့ ခင်ဗျားဝန်ထမ်းလား ဘာညာဆိုပြီးတော့။ စရဖကလည်း ရိပ်မိသွားတော့ ခုံကိုလှန်ပစ်လိုက်ပြီးတော့ ဟိုက သေနတ်ထုတ်ပစ်လိုက်တော့ သူကလည်းပြေးတော့တာပေါ့” ဟုပြောသည်။

ပစ်ခတ်ခံခဲ့ရသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်မှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးသန်းထွန်းဝင်းဆိုသူဖြစ်ပြီး မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ရင်ဘတ်နှစ်ချက်၊ လက်မောင်းတစ်ချက်ပေါ့။ သူကလည်း အတို(သေနတ်) ပါတယ် ပြန်ပစ်တယ်။ ပစ်တယ်ဆိုပေမယ့် သူက ကလေးတွေ ပစ်လိုက်ကတည်းက လှန်ကျသွားတာပေါ့။ ကလေးတွေကတော့ ဘာမှမဖြစ်ပါဘူး” ဟုပြောသည်။

ပုခုံးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ယခုလက်ရှိ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နမ္မတီးမြို့တွင်းနှင့် မြို့အဝင်၊ အထွက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရေးတင်းကြပ်စွာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း နမ္မတီးမြို့အနီး တနိုင်း – လီဒိုလမ်းမကြီးပေါ်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၇၄) တပ်မှ ဗိုလ်ကြီးဇင်မင်းဦးကို နမ္မတီး – မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သတင်း – Yu San

သင့်ထင်မြင်ချက်ရေးပေးပါ