စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်မှ ဒေသခံပြည်သူ ၃၀ ကျော်ကို ယနေ့ နံနက် ၅ နာရီခန့်က ဖမ်းဆီးသွားကြောင်း သိရသည်။

နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာမှ ဒေသခံများကို အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်မ ၃၃ စစ်ကြောင်းက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု နန့်ယားကျေးရွာ ဒေသခံအမျိုုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ခရီးသည်တွေပါသွားလားတော့မသိဘူး။ မိုးမလင်းတလင်းမှာ အမျိူးသမီးတွေ၊ ဈေးသည်မတွေ၊ ဈေးရောင်းလာတဲ့ အဘွားကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေလည်းပါတယ်။ ကလေးကျောပိုးထားသူတွေလည်းပါတယ်၊ ကားမိုင်းဘက်ကိုခေါ်သွားတာနေမှာ၊ ခေါ်သွားတဲ့ထဲမှာ အမျိုးသားတွေပိုများနိုင်တယ်” ဟုပြောသည်။

သေနတ်ဖြင့်ခြိမ်းခြောက်ကာ ခေါ်သွားခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်သွားသည်ကို မသိရှိကြောင်း ကားမိုင်းမြို့နယ် KIO အုပ်ချုပ်ရေးအရာရှိတစ်ဦးကပြောသည်။

“နန့်ယားက ကလေးပါတဲ့သူနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုက ပြန်လွှတ်လိုက်တာတဲ့။ ခင်တောင်ကျေးရွာက ဈေးသွားဈေးပြန်တွေနှင့် အသားခုံကအစ လမ်းဘေးအိမ်မှာရှိတဲ့ အမျိူးသမီး၊ အမျိူးသား လမ်းလျှောက်နိုင်သူတွေကိုခေါ်သွားတာ” ဟုပြောသည်။

ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု KIA တပ်ရင်း (၄၄) မှ ဗိုလ်ကြီးတစ်ဦးကပြောသည်။

“သူတို့က ပြည်သူတွေကို ကာဗာလုပ်တာပေါ့။ သူတိုအဲ့လိုလုပ်ရင် ဒီဘက်ကမပစ်ဘူးဆိုတာကို သူတို့သိတယ်လေ။ အခုတလောလှုပ်ရှားနေပြီ” ဟုပြောသည်။

စစ်ကောင်စီတပ်က နန့်ယားဒေသခံ ၇ ဦးနှင့် ခင်တောင်ကျေးရွာဒေသခံ ၂၀ ကျော်ကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းမှာ လက်ရှိအချိန်တွင် မအူပင်ရေကာတာတို့ ရောက်ရှိနေပြီဖြစ်ပြီး မအူပင်ကျေးရွာအပါအဝင် ကထန်ယန်ကျေးရွာနှင့် လွယ်ဆဲန်ယန်ကျေးရွာမှ ဒေသခံပြည်သူများကို ထွက်ပြေးတိမ်းရှောင်ခိုင်းထားကြောင်း သိရသည်။

ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

Photo Credit

 

သင့်ထင်မြင်ချက်ရေးပေးပါ