မျက်လုံးကိုတိပ်ဖြင့်ပိတ်ထားပြီး သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့ မမုံစံပြကျေးရွာအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

မမုံကျေးရွာနှင့် စပေါ့ကျေးရွာကို ဆက်သွယ်ထားသည့် တံတားအနီးတွင် ဦးခေါင်းထုရိုက်ဒဏ်ရာနှင့် ပါးစပ်တွင်ဓားဖြင့်မွှန်းထားသောဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“စပေါ့ရွာထိပ် စက်လှေဂိတ်မှာ ခေါင်းမှာဒဏ်ရာတွေများတယ် ကျောက်ခဲတွေ တုံးတွေနဲ့ ထုရိုက်သတ်ထားတာ ပါးစပ်မှာလည်း ဓားတွေနဲ့ လှီးထားတာ။ တိပ်တွေနဲ့လည်း ပတ်ထားတယ်” မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

မည်သူမည်ဝါက သတ်ဖြတ်သွားသည်ကိုမသိရှိကြောင်းနှင့် ဦးခေါင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် သေနတ်ဒဏ်ရာများဖြင့် အသတ်ခံထားရခြင်းဖြစ်သည်ဟု အသက် ၂၆ နှစ်ခန့်အရွယ်ရှိ မမုံကျေးရွာဒေးသခံ အမျိုးသားတစ်ဦးကပြောသည်။

“မနက်ဈေးသွားမယ်ဆိုပြီး ထွက်ခဲ့တာ တံတားနားလူအုံနေကြလို့ သွားကြည့်တာ အလောင်းဖြစ်နေတယ်။ မျက်စိကို တိပ်အဝါနဲ့စည်းထားတယ် ပြီးတော့လက်ပြန်ကြိုးလည်းတုတ်ထားသေးတယ်” ဟုပြောသည်။

အသတ်ခံခဲ့ရသူမှာ အသက် ၅၂ နှစ်ခန့်အရွယ်ရှိ ကိုနိုင်ဝင်းဆိုသူဖြစ်ပြီး ဆွတ်အောင်ကျေးရွာတွင်နေထိုင်ကာ ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က အမည်မသိအဖွဲ့တစ်ဖွဲ့က ကြိုးတုတ်ကာဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

မည်သည့်အဖွဲ့ကသတ်ဖြတ်သွားသည်ဆိုသည်နှင့် သတ်ဖြတ်ခံရသူ၏ အသေးစိတ်အချက်အလက်များကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တရားဥပဒေစိုးမိုးမှုမရှိသော ဖားကန်မြို့တွင် ယခုလအတွင်း The 74 Media က ကောက်ယူထားသော အချက်အလက်များအရ လုပ်ကြံသတ်ဖြတ်ခံရသူ ၈ ဦးထိရှိခဲ့ပြီး မြေပြင်တွင်ယခုထက်လည်းပိုများနိုင်သည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်တွင် မေလ ၂၂ ရက်ကလည်း အသက် ၅၄ နှစ်ခန့်အရွယ်ရှိ ဦးဇော်လွင်ထူးဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လည်ပင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

သတင်း – SK
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ