စစ်ကောင်စီပူးပေါင်းတပ်နှင့် ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ၁၀ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်အရှေ့ပိုင်း၊ ဒေါလျားခူကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနှင့် ဗိုလ်အဆင့်ရှိသူနှစ်ဦးအပါအဝင် လေးဆယ်ခန့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက‌ The 74 Media ကိုပြောသည်။

“ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ကြခိုက်ကြတဲ့အခါမှာ သေဆုံးသွားတဲ့ စစ်ကောင်စီရဲ့အလောင်းတွေကို မျက်မြင်ပေါ့နော်။ အပွင့်တွေ၊ အခက်တွေပါတယ်။ ကျွန်တော်တို့အဲ့တာတွေကို မျက်မြင်အတည်ပြုထားတာပေါ့။ မျက်မမြင်နိုင်တဲ့ တခြားဒီထက်လည်း ပိုများနိုင်တယ်၊ သေတာလေ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း အရှင်ဖမ်းမိထားပြီး MA – 1 ရှစ်လက်၊ MA – 2 တစ်လက်၊ MA – 3 သုံးလက်၊ MA – 4 တစ်လက်၊ RPG နှစ်လက်နှင့် အခြားခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၂၅)၊ ခမရ (၅၁၇)၊ ခြေလျင်တပ်ရင်း ခလရ (၂၈၇) ပူးပေါင်းတပ်ရင်းများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၄၊ ၆၊ KNDF -ETD၊ KNF -UAV၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ခုနှစ်ဦးနှင့် ကရင်နီတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လက်ရှိအချိန်ထိ ဒီးမော့ဆိုမြို့နယ်အရှေ့ပိုင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်လက်လုပ်ဆောင်နေသည်။

ယခုလက်ရှိကရင်နီပြည်နယ်အတွင်းရှိ ပင်လောင်း၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာအုပ်စု ၂၅ စုရှိပြီး လူဦးရေ ရှစ်သောင်းခုနှစ်ထောင်ကျော်နေထိုင်သည်။

သတင်း – Yu San
ဓာတ်ပုံ – KNDF

သင့်ထင်မြင်ချက်ရေးပေးပါ