မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်သဖြင့် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ယနေ့နံနက် ၁၀ နာရီခန့်က အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး သစ်ပင်နှင့် ဓါတ်တိုင်များလဲကျခဲ့ကြောင်း သိရသည်။

လုံးခင်း ဂေါက်ကွင်းအနီး ကထန်မှော်ရှိ လုပ်ကွက်မြေစာပုံတွင် ကင်းစောင့်သည့် အသက် ၄၀ ကျော်ခန့်အရွယ်ရှိ ဦးစိုင်းမောင်မြင့်ဆိုသူ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု The 74 Media ကိုပြောသည်။

“သူကကင်းစောင့်ပေါ့ ကထန်မှော်ဘက်က လုပ်ကွက်မြေစာပုံမှာ အဲ့မှာကင်းလဲတဲ့အချိန်လို့ ပြောတယ်။ မိုးကြိုးပစ်ပြီး သေတယ်လို့သိရတယ်။ အခုက မသင်္ဂြိုဟ်ရသေးဘူး လုံခင်းသုဿာန် ဇရပ်မှာ ထားထားတယ် သုံးရက်ထားမယ်လို့ပြောမယ်လို့ပြောတယ်” ဟုပြောသည်။

မှော်စီစာကျေးရွာရှိ ဘုရားကုန်းအနီးတွင်လည်း ဓာတ်တိုင်နှင့် သစ်ပင်များကျိုးကျပျက်စီးခဲ့သောကြောင့် လမ်းများပိတ်ခဲ့သည်ဟု ဦးရဲမြင့်အောင်က ပြောသည်။

“လေဆင်နှမောင်းပုံစံပေါ့ လေက ဘယ်ညာဝိုက်ပြီးတိုက်သွားတာ။ အိမ်တွေက များများကြီးတော့ မထိခိုက်ဘူး။ ဘုရားကုန်းအောက်မှာ ဓါတ်တိုင်ထိထားတဲ့အိမ်ရှိတယ် မိဘမေတ္တာဆိုင်ရှေ့မှာဆိုရင် ဓာတ်တိုင်လဲပြီး မီးကြိုးတွေရော ဖုန်းတိုင်တွေရောလဲလို့ လမ်းတွေပိတ်နေတာ။ အပင်ကြီးတွေရော ကျိုးကျသွားတာ” ဟုပြောသည်။

ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာတွင်လည်း အသက် ၃၉ နှစ်အရွယ် ကိုရွှေသိန်းဆိုသူ မိုးကြိုးပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားခဲ့သည့် လုံးခင်းကျေးရွာအုပ်စုသည် ဖားကန့်မြို့နှင့် (၇) မိုင်အကွာတွင် တည်ရှိပြီး ဆိပ်မူကျေးရွာအုပ်စုသည် (၄) မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည်။

သတင်း – HN

သင့်ထင်မြင်ချက်ရေးပေးပါ