ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်ရန်ဖိတ်ခေါ်သည့် ဆိုင်းဘုတ်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် ဖိတ်ခေါ်သည့်စာကို မိုးကောင်း KPDF တပ်ဖွဲ့ဝင်များထပ် ကပ်ထားကြောင်း သိရသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေတ္တာဆုကြေးဖြင့် ဖိတ်ခေါ်လိုသဖြင့် ယမန်နေ့က စာကပ်ခဲ့ခြင်းဖြစ်သည်ဟု မိုးကောင်း KPDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မေတ္တာဖြင့်ဆိုတာ မေတ္တာနဲ့ပဲ။ ငွေဆိုတာ မပါတဲ့သဘောပေါ့။ ရိုးသားတဲ့သဘောပေါ့။ ရဲတွေက မရိုးသားဘဲ ပိုက်ဆံပေးပြီးခေါ်တယ်လေ။ ပြောမယ်ဆို ရဲတွေကမြူဆွယ်တာပေါ့” ဟုပြောသည်။

PDF တပ်ဖွဲ့ဝင်များအလင်းဝင်ရန်ဖိတ်ခေါ်သည့်ဆိုင်းဘုတ်ကို ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး မိုးကောင်းမြို့ပေါ် ရပ်ကွက်တိုင်းလိုလိုတွင် ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ ကြေညာစာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက စာပြန်ကပ်ထားသည်ကို ကြည့်ခြင်းအားဖြင့် မည်သူက နယ်မြေစိုးမိုးမှုရထားသည်ကို သိနိုင်ကြောင်း ကချင်ပြည်နယ်အရေးလေ့လာသုံးသပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတပ်ရဲ့ နားရွက်တံတွေးဆွတ်တယ်ဆိုတာ အဲတာပါပဲ။ မိုးကောင်းမှာ ဘယ်နေရာမှာ ဘယ်သူက နယ်မြေစိုးမိုးထားနိုင်တယ်ဆိုတာ ဒီဖြစ်စဉ်ကိုကြည့်ရင် သိသာနေတယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလင်းဝင်ရန် ဖိတ်ခေါ်သည့်စာကပ်ပြီးနောက် မိုးကောင်း KPDF တပ်ဖွဲ့ဝင်များက မိုးကောင်းမြို့အရှေ့ပိုင်း ဝေပုလတောင်ခြေရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၇၄ တပ်၏ ဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီဂိတ်တွင် ပစ်ခတ်သံများကြားခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှစ်ဦး လဲကျနေသည်ကိုတွေ့ရှိခဲ့သည်ဟု မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ဂိတ်ကိုဖြတ်သွားတဲ့အချိန် ကလေးနှစ်ယောက်က ဆိုင်ကယ်ကနေ ဒီအတိုင်းပစ်သွားတာ။ အမျိုးသမီးကလန့်ပြီး ပစ်တဲ့ဘက်ကိုကြည့်လိုက်တော့ ဂိတ်ထဲမှာစစ်သားတစ်ယောက်က လဲကျပြီးမှ ခွေခွေလေးဖြစ်နေတာ။ နောက်တစ်ယောက်ကျတော့လည်း ခေါင်းမထောင်နိုင်ဘူး။ ပြန်ပြီးပစ်ဖို့လုပ်နေတာ သူလည်းမှန်သွားပုံရတယ်လို့ သူကပြောပြတာ” ဟုပြောသည်။

သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများထံက သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့်ဧပြီလမှစပြီး မိုးကောင်းမြို့အတွင်း စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ဒရုန်းဖြင့် ဗုံးချခြင်း၊ မိုင်းဖောက်ခွဲခြင်းများပြုလုပ်လာသည့်အပြင် မြို့ပြစစ်ဆင်ရေးကို တိုးချဲ့လုပ်ဆောင်မည်ဟု မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF က ထုတ်ပြန်ခဲ့သည်။

မေလ ၁၇ ရက်နေ့ကလည်း နမ္မတီးမြို့အဝင်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ဗိုလ်တစ်ဦးကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF က ပစ်ခတ်ခဲ့သည်။

သတင်း- Yu San
ဓာတ်ပုံ- ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ