အမျိုးသားတစ်ဦးတည်းဆိုင်ကယ်စီးလာသူကို ဓားထိုးဆိုင်ကယ်လုယက်မှုတစ်ခု ယမန်နေ့ည ၇ နာရီခန့်က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်လွှတ်တော်ရုံးရှေ့အနီးတွင် အမျိုးသားလေးဦးက ဦးခေါင်းကို ကျောက်ခဲနှင့်ပေါက်ပြီး ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယူသွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူကရွှေစက်ကလာတာထင်တယ် သူ့အိမ်ကိုပြန်တာ လူလေးယောက်က သူ့ဗိုက်ကိုဓားနဲ့ထိုးထာတဲ့။ လက်နဲ့ပြန်ကာ ပြန်ခံတော့ သူ့လက်သန်းမှာ တော်တော်လေးထိသွားတယ်။ ကြိုးလည်းပါတယ်နဲ့တူတယ် ကြိုးနဲ့ချည်ဖို့ လုပ်ကြတယ်လို့ပြောတယ်” ဟုပြောသည်။

ဆိုင်ကယ်လုယက်ခံရသူမှာ လက်သန်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းတွင်လည်း ကျောက်ခဲနှင့် ပေါက်ခံရသည့် ဒဏ်ရာအပြင် လည်ပင်းတွင်လည်း ကြိုးချည်သည့်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုများနှင့် ဓားထိုးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်လမ်းတွင် ဓားထိုးလုယက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဘယ်ဘက်ချိုင်းအောက်တွင် ဓားဒဏ်ရာရရှိခဲ့သည်။

သတင်း – HN

 

သင့်ထင်မြင်ချက်ရေးပေးပါ