စစ်ကောင်စီတပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်အား ၂၀၀ ဝန်းကျင်ခန့်ပါရှိသည့် တပ်မ (၈၈) လက်အောက်ခံ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၁၆) နှင့် တပ်မ (၇၇) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းနှင့် ယနေ့နံနက် ၆ နာရီက ၊ ရွာသာယာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနက်တုန်းကရော တိုက်ပွဲဖြစ်နေတာ။ နှစ်ဖက်အပြန်အလှန်ပစ်ကြတာ။ အထိအခိုက်ကတော့ မသိသေးဘူး။ မနေ့တုန်းကလည်းဖြစ်တယ်။ ဒီနေ့လည်းဖြစ်တယ်။ နှစ်ရက်ရှိပြီ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အင်းတော်စစ်တပ်ကုန်းမှ တိုက်ပွဲဖြစ်ပွားသည့်နေရာ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း နတ်မဟုတ်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“နှစ်ဘက်ပစ်သံကတော့ မိနစ်လေးဆယ်ကျော်ကျော်လောက်ပဲ ကြာမယ်။ တစ်ဘက်နဲ့တစ်ဘက် ဝေးသွားလောက်တဲ့အချိန်မှ မြို့ထဲကနေ လက်နက်ကြီးနဲ့ စပစ်ကူနေတာ” ဟုပြောသည်။

ယမန်နေ့ကလည်း အဆိုပါကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် ABSDF တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူခြောက်ထောင်ကျော်မှာ ပြီးခဲ့သည့်မတ်လ တတိယအပတ်မှစတင်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် ဗန်းမောက် – အင်းတော်ဆက်သွယ်ထားသည့် လမ်းပိုင်းတွင်ဖြစ်ပြီး အဆိုပါစစ်ကြောင်းမှာ ဗန်းမောက်မြို့နယ်သို့ စစ်အင်အားဖြည့်တင်းရန် ထွက်ခွာလာခြင်းဖြစ်သည်။

ဗန်းမောက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ဗန်းမောက်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

ယခုနှစ်ဖေဖော်ဝါရီလဆန်းတွင် စစ်ကောင်စီတပ်နှင့် အင်းတော်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့သည်။

သတင်း- Yu San

 

သင့်ထင်မြင်ချက်ရေးပေးပါ