စစ်ကောင်စီတပ်နှင့် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တစ်ပါတ်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်လေးဦးနှင့် ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်မေလ ၁၄ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ပိုင်းရှိ တနီးလာလဲကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KNMIC)၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“လေယာဉ်နဲ့ပစ်လို့ကျတာမဟုတ်ဘူး တိုက်ပွဲမှာသူပစ်ကိုယ်ပစ်ကျတယ် လက်နက်ကြီးကြောင့်ကျတာရှိတယ် လေယာဉ်ကကြိုသိတာကြောင့် အဲ့တာကြောင့်မကျဘူး။ သူချကိုယ်ချ အဲ့လိုမျိုးမှာပဲ ကျဆုံးတာများတယ်။ လက်နက်ကြီးစတွေမှန်တာ” ဟုပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်များမှာ မေလ ၁၅ ရက်နေ့က KNDF တပ်ရင်း (၁၀) မှ ရဲဘော်ခူးစိုးရယ်၊ မေလ ၁၇ ရက်နေ့က KA တပ်ဖွဲ့ဝင် ရှားရယ်၊ မေလ ၁၈ ရက်နေ့က KNDF တပ်ရင်း (၉) မှ ဒုတပ်စုမှူး မောင်ဖရန်စစ္စကိုနှင့် မေလ ၁၉ ရက်နေ့က KNDF တပ်ရင်း (၁) မှရဲဘော်နေဝင်းနှင့် တပ်ရင်း (၇) မှ ရဲဘော်အောင်အောင်တို့ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ယနေ့အထိလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲပြင်းထန်နေတယ် ရက်တိုင်းလိုလိုဖြစ်နေတယ်။ ဒီးမော့ဆိုအရှေ့ဘက်ကမ်းမှာ။ ၁၄ ရက်နောက်ပိုင်းမှာ ပိုပြီးတော့ဖြစ်တာများတယ်။ လေယာဉ်ဗုံးကြဲတာတို့ဘာတို့ ခဏခဏဖြစ်တာ” ဟုပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ ကျေးရွာများမှ စာသင်ကျောင်းနှစ်ကျောင်းအပါအဝင် ဒေသခံနေအိမ် ဆယ်လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်မေလ ၈ ရက်နေ့ကလည်း (ဒီမော့ဆိုမြို့နယ်အရှေ့ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်အငယ်လေး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။

သတင်း- Yu San

 

သင့်ထင်မြင်ချက်ရေးပေးပါ