စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘော်လခဲမြို့အနီးတွင် ယနေ့နံနက် ၄ နာရီခန့်က ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စောလုံကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အဲ့ပတ်ဝန်းကျင်မှာ တိုက်ပွဲမရှိပါဘူး။ ထိခိုက်မိတဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး။ ဒေသခံတွေကတော့ နီးစပ်ရာတောထဲရှောင်ပြေးနေရတယ်” ဟုပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ကျေးလက်ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်ခြောက်လုံးထက်မနည်းပျက်စီးခဲ့ပြီး ဒေသခံပြည်သူတစ်ရာခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ပိုင်းတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနေ့ကညနေပိုင်းမှာသုံးခေါက် အိမ်လေး၊ ငါးလုံးပျက်တယ်။ ဒီနေ့လည်း အိမ်လေးလုံးလို့ကြားတယ်။ လူကတော့ မထိဘူး ဘာလို့ဆိုရွာထဲမှာ လူမရှိဘူးလေ” ဟုပြောသည်။

ယခုရက်ပိုင်းတွင် ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်နှင့် ဒီး‌မော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစတင်ပြီး ယခုချိန်ထိ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တစ်လျှောက် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အကြိမ် ၁၀၀ ထက်မနည်း လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် ဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ် ၃၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ထားသည်။

သတင်း – ယုစံ

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ