စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖတ်မာကျေးရွာရှိဒေသခံများ၏ နေအိမ်များတွင် ဝင်ရောက်နေထိုင်ကာ ကျေးရွာအတွင်း တပ်စွဲထားသောကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီခန့်မှစတင်ကာ ကျေးရွာရှိနေအိမ်များတွင် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လက်နက်အပြည့်အစုံဖြင့် နေရာယူထားကြသည်ဟု အသက် ၂၄ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်စောစော ကားလေးစီးနဲ့ စကစတွေရွာထဲပြန်ရောက်လာပြီ။ အရင်ကလို ကျောင်းဝင်းထဲမှာ မဟုတ်ဘူး ဒေသခံတွေရဲ့ အိမ်မှာနေကြတာ။ ဘယ်လိုဖြစ်လာမလဲတော့မသိဘူး၊ သူတို့က တစ်အိမ်ထဲမှာနေတာတော့မဟုတ်ဘူး ခွဲပြီးနေကြတာ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကားလေးစီးဖြင့် လာပို့သွားခြင်းဖြစ်ကာ ကျေးရွာအတွင်းရှိလမ်းများတွင်လည်း လက်နက်အပြည့်အစုံဖြင့် နေရာယူထားကြကာ နေအိမ်အတွင်း ဝင်ရောက်နေထိုင်ခြင်းမပြုရန် မပြောရဲကြပါဟု အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“မနေနဲ့လို့ မပြောရဲဘူး၊ နေတော့မနေခိုင်းချင်ဘူး ပွင့်ပွင့်လင်းလင်းပြောရရင် စစ်သားတွေကို ရွာထဲမှာ မနေစေချင်ဘူး သူတို့လာနေရင်တော့ အရမ်းကြောက်ရတယ် အန္တရာယ်လည်းများတယ်။ ရွာထဲမှာရှိနေလို့ တစ်ခြားတစ်ဖွဲ့ဖွဲ့ လာပစ်ပြီးတိုက်ပွဲ ဖြစ်လာရင် ရွာပဲပျက်မှာ” ဟုပြောသည်။

စာသင်ကျောင်းတွင် နေရာယူလေ့ရှိသည့် စစ်ကောင်စီစစ်ကြောင်းပြန်လည်ဝင်ရောက်လာသဖြင့် ကျောင်းဖွင့်ချိန် နီးကပ်လာပြီဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားကာ ကလေးများပညာသင်ကြားခွင့် ဆုံးရှုံးမည်ကိုစိုးရိမ်နေကြရသည်ဟု သူကဆက်ပြောသည်။

“ရွာအပြင်မှာပဲနေစေချင်တယ် ကျောင်းဖွင့်ချိန်လည်းနီးပြီဆိုတော့ ရွာအထဲမှာမနေစေချင်ဘူး။ တန်ဂျာရွာက စာသင်ကျောင်းလည်း မီးလောင်သွားတယ်လေ၊ အခုချိန်ထိ ဘယ်သူရှို့သွားသလဲ၊ ဘယ်လိုလောင်သွားသလဲ မသိဘူး။ ရွာကကျောင်းလည်း အဲ့လိုဖြစ်မှာကြောက်တယ်။ အခုချိန်မှာက မပြောရဲဘူး တစ်ခုခုလုပ်မှာကြောက်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် နေရာယူထားသောကြောင့် ရုတ်တရက် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည့် ဒေသခံပြည်သူများက တောင်ယာနှင့်လယ်လုပ်ငန်းများ သွားရောက်လုပ်ကိုင်ခြင်းမရှိဘဲ နေအိမ်တွင်သာနေကြရသည်ဟု သူကဆိုသည်။

မတ်လ ၁၅ ရက်နေ့ကလည်း ဖတ်မာကျေးရွာရှိ မူလတန်းကျောင်းတွင် တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ထိုကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့မှ ၁၉၂ မိုင်ခန့်အကွာတွင်ရှိသော ဖတ်မာကျေးရွာအုပ်စုသည် မြစ်ကြီးနား – ပူတာအို ကားလမ်းမကြီးဘေးတွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသည့် ကျေးရွာဖြစ်သည်။

သတင်း – Dureng
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ