ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၆ နာရီခန့်မှ စတင်ကယ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငွေတောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO- Local PDF) တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကို ပြောသည်။

“ကင်းပတ်တော့ သဲသောင် (မြေပြင်) ပေါ်မှာမနေဘဲနဲ့ အောက်မှာကင်းပုန်းလာချတာ။ ကျွန်တော်တို့ကမသိတော့ ထိပ်တိုက်သွားတိုးလိုက်တာ။ နှစ်နာရီဝန်းကျင် အပြန်အလှန်ပစ်ခတ်မှုရှိတယ်။ ဘာလို့လဲဆိုတော့ ကင်းပုန်းနဲ့သွားတွေ့တော့ ဒီတိုင်းကြီးဆုတ်လို့ အဆင်မပြေဘူးလေ” ဟုပြောသည်။

မိုးဗြဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဖယ်ခုံမြို့နယ် မြောက်စာလုံးကျေးရွာဒေသခံစစ်ရှောင်တစ်ဦးကပြောသည်။

“တိုက်ပွဲတွေဖြစ်နေပါတယ်။ ဟိုးနှစ်လပိုင်းကတည်းက ဒီကြားမှာ နားလိုက်ဖြစ်လိုက်၊ နားလိုက်ဖြစ်လိုက်ပေါ့” ဟုပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး ယနေ့အထိ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့အနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းကာလအတွင်း စစ်ရှောင်လူဦးရေ ငါးသောင်းကျော်တိုးလာကြောင်း သိရသည်။

ပြီးခဲ့သည့်မေလ ၉ ရက်နေ့ကလည်း ကယားပြည်နယ်၊ ဘော်လခဲ – ရွာသစ်လမ်းမကြီးပေါ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဘော်လခဲပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးပြီး MA 1 အမျိုးအစားသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့သည်။

ကယားပြည်နယ်တွင် မေလအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိပြီး ပြီးခဲ့သည့် မေလ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် တောင်စာလုံးတိုက်ပွဲတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၁ မှ တပ်ရင်းမှူး အန်းဂျလို(လို့) ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၃ ခုနှစ်အထိ ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုလက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်လူဦးရေ နှစ်သိန်းခွဲခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း – ယုစံ

 

သင့်ထင်မြင်ချက်ရေးပေးပါ