အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းဝင်သည့် မိသားစုဝင်အရေအတွက်ကို လိုက်လံစစ်ဆေးနေပြီး နေအိမ်တွင် ရှိမနေသူများကို မြို့နယ်အတွင်း ရှိ၊ မရှိ တင်းကြပ်စွာ စစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ မြစ်ကြီးနား – ရွှေဘိုလမ်းမကြီးလေး ပညာရေးရုံးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများက စစ်ဆေးရေးဂိတ်ထားရှိပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟု နတ်မဟုတ်ကြီးကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ဆေးရေးဂိတ်မှာ သတင်းရထားတဲ့နေ့တွေဆိုရင် မင်္သကာရင် မင်္သကာသလို ဆိုင်ကယ်တွေကိုရပ်ခိုင်းပြီး နာမည်တွေ ဘယ်ကလဲတွေမေးတယ်။ နယ်ဘက်ဆို တစ်ခါတစ်လေ မှတ်ပုံတင်ပါစစ်တယ်” ဟုပြောသည်။

တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိသောကျေးရွာမှ ဒေသခံများကို ပိုမိုတင်းကြပ်စွာစစ်ဆေးလေ့ရှိကာ ဖုန်းစစ်ဆေးပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း သူကဆက်ပြောသည်။

“ဖုန်းတွေစစ်ပြီဆိုလည်း ရှိသမျှ Password တွေအကုန်ဖွင့်ခိုင်းတာပဲ။ သူတို့မသင်္ကာတဲ့သူဆိုရင် ဆော့ဖ်ဝဲလ်ထည့်ပြီး စစ်ဆေးတဲ့အခါရှိသလို Laptop နဲ့ ထိုးစစ်တဲ့အခါလည်းရှိတယ်။ တော်တော်များများက အဲ့မှာမိကြတာ” ဟုပြောသည်။

စစ်ဆေးရေးဂိတ်တွင် ဖြတ်သွားဖြတ်လာပြည်သူများကို စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း လိုက်လံကောက်ခံခဲ့ချိန်က အိမ်တွင်မရှိသူများ၏ ပုံဖြင့်တိုက်ဆိုင် စစ်ဆေးနေခြင်းဖြစ်ကြောင်း နဘားကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“အရင်တုန်းက လူဦးရေစာရင်းကောက်တော့ အိမ်ထောင်စုစာရင်းနဲ့ အိမ်မှာရှိတဲ့သူနဲ့ကိုက်ပြီးတော့ မရှိတဲ့သူတွေကို လဝကရုံးမှာ မှတ်ပုံတင်နဲ့ အဖြူအမဲဓာတ်ပုံတွေကိုကူး၊ ကူးပြီးတော့ မရှိဘူးပြောပြီး မြို့ထဲမှာတွေ့ရင် ဖမ်းရအောင်ဆိုပြီး ဓာတ်ပုံတွေနဲ့တိုက်ပြီးတော့ စစ်နေတာ” ဟုပြောသည်။

အင်းတော်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ကာ ဖမ်းဆီးစစ်ဆေးမှုများလည်း မကြာခဏလုပ်ဆောင်နေကြောင်း သူကဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလက အင်းတော်မြို့နယ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာပြီးချိန်မှစပြီး စစ်ကောင်စီက စစ်ဆေးရေးပိုမိုတင်းကြပ်စွာ လုပ်ဆောင်လာပြီး ဖမ်းဆီးထောင်ချခံရသည့် အရပ်သားပြည်သူ ပိုမိုများပြားလာခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဆက်စပ်သည်ဟုဆိုပြီး စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့သည့် အရပ်သားအရေအတွက် ၁၀ ဦးထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ယခုနှစ်မေလ ၁၂ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ဖမ်းဆီးခံရသူနှစ်သောင်းကျော်ရှိပြီး ၎င်းတို့အနက် ငါးထောင်ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည်။

သတင်း- ယုစံ
ဓာတ်ပုံ – BNI

သင့်ထင်မြင်ချက်ရေးပေးပါ