စစ်ကောင်စီတပ်က ယမန်နေ့ နေ့လယ်က ပူတာအိုမြို့နယ် ဖတ်မာကျေးရွာမှအနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖတ်မာကျေးရွာအုပ်စုရှိ မူလတန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက ညနေ ၄ နာရီခွဲခန့်အထိ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၄ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အချက်နှစ်ဆယ်လောက်ရှိတယ် နှစ်မိနစ်ကို တစ်ချက်နှုန်းနဲ့ပစ်နေတာ လယ်လုပ်တဲ့အချိန်ဟုတ်လို့ တိုက်ပွဲပြန်ဖြစ်လာပြီး လယ်မလုပ်ရမှာကို စိုးရိမ်ရတယ်။ အခုတောင် တချို့တွေက အရင်ကတူးထားတဲ့ ဗုံးခိုကျင်းတွေပြန်ပြီး သန့်ရှင်းရေးလုပ်နေတာရှိတယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပူတာအိုအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၁၃၈ တပ်ဖွဲ့ဝင်များဖြစ်ပြီး စစ်ကားသုံးစီးဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညတွင် ဖတ်မာကျေးရွာမှ ပူတာအိုမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း အသက်သုံးဆယ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦး ပြောသည်။

“အိမ်လည်းပြောင်းထားတော့ ဗုံးခိုကျင်းတွေလည်း မတူးထားရသေးဘူးလေ။ မနေ့ကတော့ အရမ်းကြောက်တာဟုတ်တယ် ကလေးတွေလည်းအရမ်းကြောက်နေကြတာ။ သူတို့ပစ်တဲ့ကျောင်းက အိမ်နဲ့နီးတယ်လေး။ သူတို့စစ်ကားနဲ့ပဲ ပြန်သွားကြတာ ဘယ်ဘက်ပြန်သွားလဲဆိုတော့ အတိကျတော့မသိဘူး၊ ပူတာအိုပြန်သွားတယ်လို့တော့ ပြောကြတယ်” ဟုပြောသည်။

အဆိုပါမူလတန်းကျောင်းတွင် ပြီးခဲ့သည့် မတ်လကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့မှ ၁၉၂ မိုင်ခန့်အကွာတွင်ရှိသော ဖတ်မာကျေးရွာအုပ်စုသည် မြစ်ကြီးနား – ပူတာအို ကားလမ်းမကြီးဘေးတွင်တည်ရှိသောကျေးရွာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသောကျေးရွာဖြစ်သည်။

သတင်း – Dureng

ပုံ – ပုံဟောင်းဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ