စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရသည့် ချောင်းဦးမြို့အတွင်းရှိ ရပ်ကွက်များမှ နေအိမ်များကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ပွဲရပ်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရပြီးနောက် မေလ ၁၁ ရက်နေ့ညက ဝင်ရောက်မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ) တစ်ဦးက The 74 Media ကိုပြောသည်။

“လွန်ခဲ့တဲ့နှစ်ရက်က စစ်ကောင်စီတပ်သားတစ်ဦး ပစ်သတ်ခံရတယ်။ အဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ မဆိုင်တဲ့ပြည်သူအိမ်တွေ၊ သတ်ခံရတဲ့နေရာအနီးတစ်ဝိုက်ကအိမ်တွေ မီးရှို့တာပါ” ဟုပြောသည်။

ပွဲရပ်ရပ်ကွက်မှ ဒေသခံနေအိမ် ၂၆ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့ညနေ ငါးနာရီခန့်ကလည်း ချောင်းဦး – မုံရွာလမ်းပိုင်းတွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငါးယှန်ကျေးရွာကို လက်နက်ကြီး ပစ်ခတ်ကာဝင်ရောက် မီးရှို့ခဲ့သည့်အတွက် နေအိမ်နှစ်ရာကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဒေသခံအဖွဲ့တစ်ဖွဲ့က မနေ့ညက ကားလမ်းမကြီးပေါ် ကားနဲ့တက်တာ။ တက်တော့ကင်းပုန်းဝပ်နေတဲ့ စစ်သားနဲ့ သူတို့နဲ့တွေ့တာ။ တွေ့တော့စစ်တပ်က သူတို့ကိုပစ်တယ်။ ပစ်တော့ပြန်ဆုတ်တယ်။ ဆုတ်တဲ့အချိန်သူတို့က ငါးယှန်ရွာထဲကဆုတ်တာ။ သူတို့ကိုလိုက်ပစ်ရင်း ရွာထဲရောက်လာရင်း မီးရှို့သွားတာပဲ” ဟုပြောသည်။

လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ချိန် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာဒဏ်ရာရရှိခဲ့သူ၏ အမည်နှင့် အသက်တို့ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါမီးရှို့ဖျက်ဆီးခံခဲ့သည့် ငါးယှန်ကျေးရွာအနီးတွင် မေလ ၉ ရက်နေ့ ညနေပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီစစ်ကြောင်းကို နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယခုလက်ရှိချောင်းဦးမြို့ပေါ်နှင့် ချောင်းဦး – မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ကင်းလှည့် စစ်ဆေးမှုများပြုလုပ်နေပြီး ဒေသခံပြည်သူ သုံးထောင်ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့်မေလ ၉ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က မီးရှိုဖျက်ဆီးခဲ့သည့်အတွက် နေအိမ်နှစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓာတ်ပုံ – စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာကိုမြင်ရပုံ (ပေးပို့)

 

သင့်ထင်မြင်ချက်ရေးပေးပါ