ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KIA က ယခုရက်ပိုင်းအတွင်း တိုက်ခိုက်ခဲ့ပြီး ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ရပ်ကွက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုတွင် ယမန်နေ့ည ၉ နာရီခန့်က သေနတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း သိရသည်။

သေနတ်ပစ်ဖောက်သံများကြားနေရသော်လည်း လက်နက်ကြီးပစ်ခတ်သံများ မကြားရဟု အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပစ်တာတော့တော်တော်ကြာနေပြီ လက်နက်ကြီးသံတော့မကြားမိသေးဘူး။ သေနတ်တွေနဲ့ပဲ အကဒ်လိုက်စွဲနေကြတာ ဘယ်မှာဖြစ်တာလည်းဆိုတာအတိအကျတော့ပြောလို့မရသေးဘူး။ အခုက စစ်တပ်စခန်းနားမှာလည်း သေနတ်သံတွေကြားနေရပြန်ပြီ” ဟုသူကပြောသည်။

ဖားပြင်ကျေးရွာနှင့် ဆိုင်းတောင်ကျေးရွာကြားတွင်လည်း သေနတ်ပစ်ဖောက်သံများကြားနေရပြီး နှစ်ဖက် အထိအခိုက် အကျအရူံးကို မသိရသေးကြောင်း ဆိုင်းတောင်ကျေးရွာနေ အသက် ၂၁ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“နေရာတိုင်းလိုလိုကိုပစ်နေကြတာ ကျွန်တော်တို့တောင်တံခါးပိတ်ပြီးပုန်းနေကြတာ။ မနေ့က စစ်တပ်စခန်းဝင်စီးခံရလို့ အခုလိုပြန်ပစ်ကြတာနေမှာ။ အပြန်အလှန်ကို တွယ်နေကြတာပဲ ဘယ်ဘက်က ဘယ်လောက်သေလဲတော့ အခုထိမသိသေးဘူး” ဟုသူကပြောသည်။

မေလ ၁၁ ရက်နေ့ညက ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းတွင် တပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်သာရှိကြောင်း KPDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အထဲမှာရှိတဲ့အင်အားတော့နည်းတယ်။ စစ်သားတွေဘက်က ပြန်ခုခံပြီးပစ်တာမျိုးတော့ မတွေ့ရဘူးလို့ပြောတယ်။ အကုန်ပြေးသွားကြတာတဲ့ သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခဲ့တယ်လို့ ပြောတာဆိုတော့လေ ထိခိုက်တာမျိုးတော့ရှိနိုင်တယ်”ဟုသူကပြောသည်။

ဆိုင်းတောင်ကျေးရွာအတွင်း သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ကြောင်း စခန်းအနီးတွင်နေထိုင်သည့် အသက် ၅၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“သေနတ်သံတွေကြားတာနဲ့ အိမ်ကနေပြေးတော့တာပဲ၊ မတော်လို့ လက်နက်ကြီးတွေအိမ်ပေါ်ကျလာရင် သေနိုင်တယ်။ အသက်ကအပိုပါတာမဟုတ်ဘူး”ဟုသူကပြောသည်။

ဖားကန့်မြို့နယ်၊ မှော်ရှန်ကျေးရွာနှင့် မှော်ပုံကျေးရွာကြားတွင်လည်း ဧပြီလ ၂၅ ရက်နေ့နံနက်က ကံဆီးကျေးရွာမှ ဆင်းလာသော စစ်ကောင်စီစစ်ကြောင်းကို ဥရုဒူဘိုင်းစားသောက်ဆိုင်အနီးရှိ မှော်ပုံချောင်းတွင် KIA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်

 

သင့်ထင်မြင်ချက်ရေးပေးပါ