ပူတာအိုဒေသတွင် လယ်ယာသုံးပစ္စည်းများ ဈေးနှုန်းအဆမတန် မြင့်တက်နေသောကြောင့် လယ်သမားများ လုပ်ငန်းဆက်လက်လည်ပတ်ရန် ခက်ခဲနေပြီး အချို့လယ်ယာလုပ်ငန်းများတွင် ကျွဲ၊ နွားများကို ပြန်လည်အသုံးပြုနေရကြောင်း သိရသည်။

လက်တွန်းထွန်စက်တန်ဖိုးမှာ ယခင်နှစ်များထက် ငွေကျပ်ငါးသိန်းခန့် မြင့်တက်သွားသဖြင့် ဝယ်ယူအသုံးပြုရန် ခက်ခဲသောကြောင့် ကျွဲ၊ နွားများဖြင့် ပြန်လည်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု နောင်ခိုင်ကျေးရွာနေ အသက်လေးဆယ်အရွယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စက်ပစ္စည်းတွေက တစ်ရက်ပြီး တစ်ရက်ပိုပိုဈေးတက်လာတော့၊ ကျွဲ၊ နွားတွေကိုပဲ အသုံးပြုရတယ် လုပ်ရတာတော့လုပ်ငန်းမတွင်ကျယ်ဘူး။ စက်နဲ့လုပ်တဲ့လူတွေလည်း ဆီးဖိုးပြန်ကုန်ရမှာပဲ၊ ဆီတစ်ဂါလံဆို နှစ်နာရီလောက်ပဲ မောင်းလို့ရတာ ပျက်သွားရင် အပိုပစ္စည်းရှာရခက်တယ်” ဟုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသတွင် စားသောက်ကုန်များအပြင် လယ်ယာသုံး စက်ပစ္စည်းများလည်း ဈေးနှုန်းအဆမတန်မြင့်တက်လာကြောင်း မတ်လတွင် ထွန်စက်ဝယ်ယူခဲ့သူ အသက် ၂၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“ကျနော်ဝယ်တဲ့အချိန် လယ်လုပ်တဲ့ ရာသီမဟုတ်သေးဘူးနော် လယ်လုပ်တဲ့ရာသီဆို ပိုဈေးကြီးတယ်။ အခုချိန်က ဆယ့်ငါးသိန်းကျော်လောက် ရှိပြီလို့ပြောတယ်။ အခုကအားလုံးနီးပါး စက်ပဲသုံးကြတော့ ဘယ်လောက်ပဲဈေးကြီးကြီး ဝယ်ရတယ်လေ။ ကျွဲတွေ၊ နွားတွေလည်း လယ်လုပ်လို့ရတဲ့အရွယ်ဆို တစ်ကောင်ကို ဆယ့်သုံးသိန်းလောက်ရှိတယ် အလုပ်လည်းမြန်မြန်လုပ်လို့မရဘူး” ဟုပြောသည်။

777 တံဆိပ် (188) အားရှိသည့် လက်တွန်းထွန်စက်တစ်လုံးလျှင် ၂၀၁၉ ခုနှစ်က ငွေကျပ်ခုနှစ်သိန်းခန့်ရှိခဲ့သော်လည်း ယခုအချိန်တွင် ငွေကျပ်ဆယ့်လေးသိန်းခန့်ထိရှိလာပြီး ကုန်ပစ္စည်းရောင်းချသူများအနေဖြင့် နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူကာ အဆမတန်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းကို မပြုလုပ်စေလိုကြောင်း သူကပြောသည်။

မိုးစပါးစိုက်ပျိုးရန် လယ်ယာလုပ်ငန်းစတင်လုပ်ကိုင်ချိန်ဖြစ်သော်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်နေသည့်အပြင် စက်အပိုပစ္စည်းများ ယခင်နှစ်များထက် ဈေးတစ်ဆကျော်ခန့်မြင့်တက်လာသောသဖြင့် စားဝတ်နေရေးအတွက် စက်ပစ္စည်းများငှားရမ်းလုပ်ငန်းကိုင်နိုင်နေရကြောင်း သူကဆက်ပြောသည်။

“လယ်စလုပ်ဖို့က အခက်ခဲတော့ အမျိုးမျိုးရှိတယ်၊ ဆီဈေးကြီးတာတွေ မနှစ်တုန်းကတည်း စက်ပျက်သွားလို့ အဲ့အတိုင်းပဲပစ်ထားတဲ့သူတွေလည်း ပြန်ပြင်ဖို့ စက်ပစ္စည်းရှာရခက်တာတွေ၊ မပိုပစ္စည်းတွေဈေးတက်သွားတာတွေပေါ့၊ လယ်မလုပ်လို့တော့ မရပြန်ဘူးလေ၊ မိသားစုဝမ်းရေးဆိုတော့ ချေးငှားပြီးတော့ မဖြစ်ဖြစ်အောင်တော့ လုပ်ရမှာပဲလေ” ဟုပြောသည်။

စက်ပစ္စည်းနှင့် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများ အသုံးပြုနိုင်ခြင်းမရှိသောကြောင့် အချို့လယ်သမားများ လုပ်ငန်းရပ်တန့်သွားမှုများလည်းရှိကြောင်း သိရသည်။

ပူတာအိုဒေသအတွင်း လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် အများဆုံးအသုံးပြုသော စက်အမျိုးစားမှာ တရုတ်နိုင်ငံမှတင်သွင်းလာသော ဒီဇယ်လက်တွန်းထွန်စက်များဖြစ်ပြီး သုံးနှစ်ခန့်သာကောင်းမွန်စွာ အသုံးပြုနိုင်ကာ သုံးနှစ်ထက်ကျော်လွန်ပါက စက်ပစ္စည်းချို့ယွင်းမှုများမကြာခဏဖြစ်ကြောင်း အသုံးပြုသူများထံမှသိရသည်။

ပူတာအိုဒေသတွင်းရှိ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြပြီး ဒေသအတွင်း မိုးစပါးစိုက်ပျိုးမြေ ဧက သုံးထောင့်ခုနှစ်ရာကျော်ရှိကာ နွေစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း ဒေသဆိုင်ရာအချက် အလက်များအရသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ