ဖားကန့်မြို့ရှိ KTV တစ်ခုတွင် ယမန်နေ့ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် KIA တပ်ဖွဲ့ဝင်အချို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း ကနဦးသိရသည်။

ရှင်းရင် (KTV) ဝင်းအတွင်းရှိ အနှိပ်ခန်း (Spa) ရှေ့တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆလန်ကမ္ဘာအဆင့်ရှိသူ ကိုနောနော်ဆိုသူနှင့် ဆိုင်ဝန်ထမ်းနှစ်ဦးတို့ ထိခိုက်သေဆုံးခဲ့သည်ဟု မှော်ရှန်ရပ်ကွက်နေ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Medai ကိုပြောသည်။

“စောစောစီးစီးကြားရတာတော့ သေသွားပြီဟုတ်တယ်။ ဘယ်သူ့ကိုမှ အထဲပေးမဝင်ခိုင်းလို့လေ ဝန်ထမ်းတွေရဲ့ ဖုန်းဆက်ကြည့်တော့လည်း အကုန်စက်ပိတ်ထားကြတယ်။ အတည်ပြုလို့တော့ မရသေးဘူး” ဟုပြောသည်။

အဆိုပါ KTV တွင် ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များ လာရောက်ပျော်ပါးနေသည်ကို သတင်းရရှိသောကြောင့် ဝင်ရောက်ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း KTV အနီးနေထိုင်သည့် အသက် ၄၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“အဲ့မှာက ဘာလိုချင်လည်း အကုန်ရတယ်လေး မိန်းမလား၊ မူးယစ်ဆေးလား၊ လောင်းကစားလား အကုန်ရတယ်။ ဒါကြောင့်လည်း ဒီနေရာမှာပဲအကုန်စုနေကြတာပေါ့။ စစ်သားတွေကလည်း သူတို့ဒီမှာရှိတယ်ဆိုတာ သိတယ်လေ၊ အခုလိုလာဖမ်းတာလည်း မဆန်းပါဘူး” ဟုပြောသည်။

သေဆုံးသူများအပြင် ဖမ်းဆီးခံရသူများလည်း ရှိသည်ဟုသိရသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင်လည်း ဧပြီလ ၂၂ ရက်နေ့က KIA တပ်ဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၇၆ မှ တပ်ရင်းမှူးအဆင့်ရှိသူ ဒု-ဗိုလ်မှူးကြီးကိုဇော်မိုင်း အပါအဝင်ငါးဦး သေဆုံးခဲ့သည်။

အဆိုပါ KTV အရှေ့တွင် ဧပြီလ ၂၄ ရက်နေ့ကလည်း KPDF တပ်ဖွဲ့ဝင်ဖြစ်သူ ကိုအောင်ကြည်မင်း(ခ) နှုတ်ခမ်းမွှေးဆိုသူ၏ ရုပ်အလောင်းကို ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့သည်။

သတင်း – SK

 

သင့်ထင်မြင်ချက်ရေးပေးပါ