အရက်ဆိုင်မှ ပြန်လာသူနှစ်ဦး ယမန်နေ့ည ၁၁ နာရီခန့်က ဆိုင်းဝောာင်ကျေးရွာတွင် ချောင်းရိုက်ခံရပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဦးခေါင်းကွဲသည့် ဒဏ်ရာနှင့် မျက်နှာပေါက်ပြဲသည့် ဒဏ်ရာများရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ အသက် ၂၆ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဝိုင်းရိုက်နေတာတော့တွေ့တယ် အဲ့နေရာမှာက လူရှင်းတယ်။ ဘယ်သူတွေရိုက်လို့ရိုက်သွားမှန်းကိုမသိသေးတာ” ဟုသူကပြောသည်။

မည်သည့်အဖွဲ့က ရိုက်နက်သွားသည်ကို မသိရှိရဘဲ နီးစပ်ရာဆေးခန်းသို့ လိုက်လံပို့ဆောင်ခဲ့ရကြောင်း အသက် ၄၃ နှစ်ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အရိုက်ခံရတဲ့သူတွေက တစ်ယောက်ကတော့ အဲ့နေရာမှာတင် သတိပါလစ်သွားတယ်။ ဘယ်သူတွေလုပ်တာလဲဆိုတာတော့ သူတို့နေကောင်းလာတဲ့အခါမှပဲ မေးကြည့်မှရတော့မယ်” ဟုသူကပြောသည်။

လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်ခဲ့သူများကို ရပ်ကွက်အုပ်ချုပ်‌ရေးမှူးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း အရက်ဆိုင်တွင် လူငယ်ချင်းစကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံးခဲ့ပြီး ကျူးလွန်သူ လေးဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း – SK

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ