လက်နက်များ ရမ်းသမ်းပစ်ခတ်ကာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသဖြင့် ခင်ဦးဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး အသက်လေးနှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ချမ်းသာကုန်းကျေးရွာကို ယနေ့နံနက် ၆ နာရီခန့်က ဝင်ရောက်မွှေနှောက်ပြီးနောက် အင်ပတ်ကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ချိန် ကလေးငယ်ပေါင်တွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကျေးရွာထဲကို လက်နက်ကြီးငယ်တွေပစ်ဝင်ပြီးတော့ ချမ်းသာကုန်းကျေးရွာထဲမှာရှိတဲ့ အိမ်တွေကို မွှေနှောက်ပြီးတော့ စားစရာတွေ၊ အခြားသောပစ္စည်းတွေပါ အိတ်တွေနဲ့ထုပ်ပြီး မတရား သယ်ဆောင်တယ်။ ပြီးတော့ ချမ်းသာကုန်းကျေးရွာကနေတစ်ဆင့် သူတို့ကအင်းပတ်ကျေးရွာဘက်ကို လက်နက်ကြီးငယ်တွေနဲ့ ပစ်တာပေါ့” ဟုပြောသည်။

ခင်ဦးမြို့နယ်သည့် မုန်တိုင်းဝင်ရောက်နိုင်သည့် လမ်းကြောင်းတွင်တည်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက ခန့်မှန်းထားသော်လည်း စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာသောကြောင့် အင်းပတ်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာမှ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများမှာ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်နိုင်သည့်အပြင် နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသောကြောင့် ကျေးရွာအတွင်းပြန်လည်ဝင်ရောက်ရန်ပင် ခက်ခဲနေကြောင်း ခင်ဦးမြို့နယ်အရှေ့ပိုင်းရှိ စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။

“မီးရှို့ခံထားရတဲ့ ကဘွတ်ရွာကဒေသခံတွေက တောထဲမှာပဲနေရတာဆိုတော့ နည်းနည်းတော့ခက်ခဲတာပေါ့။ တချို့တွေက မဝင်ရဲသေးဘူး။ တချို့တွေက ဝင်ကြတယ်။ မီးမရှို့သွားတဲ့ ရွာကတွေက ဝင်ကြပြီပေါ့။ မီးရှို့သွားတဲ့ ဟာတွေက မဝင်ကြသေးဘူး” ဟုပြောသည်။

ယခုလက်ရှိ ခင်ဦးအနောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် စစ်ရှောင်ပြည်သူ လေးထောင်ကျော်ရှိပြီး ကျေးရွာ ဘုန်းကြီးကျောင်းများနှင့် မိုးဒဏ်လေဒဏ်ခံနိုင်မည်ဟုယူဆသော နေရာများသို့ အစုလိုက်အပြုံလိုက် တိမ်းရှောင်နေကြရပြီး မိုးကာတဲ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အကူအညီများ လိုအပ်နေကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းထိုးသည့်အတွက် ဒေသခံ ၁၃၀၀၀ ကျော်မှာ အမိုးအကာမရှိသည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ခင်ဦးဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို မြင်ရပုံ (ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

သင့်ထင်မြင်ချက်ရေးပေးပါ