ကိုယ်ထူကိုယ်ထစနစ်ဖြင့်နေရပ်ပြန်သည့် လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံများ နေအိမ်အဆောက်အအုံနှင့် ကလေးများပညာသင်ကြားနိုင်ရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ရှောင်စခန်းတွင်နေထိုင်လျင် စားဝတ်နေရေးအခက်အခဲနှင့် ကဏ္ဌပေါင်းစုံတွင် ဖွံ့ဖြိုးမှုနှောင့်နှေးလာသောကြောင့် ဒေသခံများအားလုံး၏ သဘောတူညီချက်ဖြင့် နေရပ်သို့ပြန်လည်နေထိုင်ခဲ့ခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ငရုပ်သီးကစ အားလုံးဝယ်စားရတယ် ရွာမှာဆိုကိုယ့်ခြံကိုယ့်မြေနဲ့ ကိုယ်တိုင်စိုက်စားလို့ရတယ်၊ ချောင်းတွေလည်းရှိတော့ ငါးတွေရှာစားလို့ရတယ် ပိုက်ဆံမကုန်ဘူးလေ။ အိမ်တွေခြံတွေကိုလည်း ပစ်ထားတာကြာတော့ တခြားသူတွေ နေရာဝင်ယူသွားမှာကြောက်တယ်။ အခုလည်းအဆင်တော့ မပြေသေးပါဘူး၊ အဆင်ပြေအောင်တော့ ကိုယ့်နည်းကိုယ့်လမ်းနဲ့ ကြိုးစားနေကြတယ်” ဟုပြောသည်။

လက်ရှိ ကျေးရွာအတွင်း မိုးကာတဲများဆောက်လုပ်ကာ နေထိုင်သူများလည်းရှိပြီး သောက်သုံးရေအတွက် ရွာအနီးရှိ ချောင်းများကို အသုံးပြုနေပြီး ရေတွင်းများကို ပြန်လည်ရှင်းလင်းအသုံးပြုနေသူများလည်းရှိကြောင်း သိရသည်။

ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်တွေပြန်လည်အခြေချနေထိုင်ရန် အခက်ခဲများစွာရှိသော်လည်း ကလေးများပညာသင်ကြားမှုရရှိရေးအတွက် အလေးထားကာ ကျောင်းဆောင်ဟောင်းပြုပြင်သည့် လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေကြောင်းသူကဆက်ပြောသည်။

“လောလောဆယ်တော့ အရင်ကရှိပြီးသားကျောင်းတွေကိုပဲ ပြန်ပြင်ပြီး ကလေးတွေစာသင်လို့ရအောင် လုပ်ရမယ်။ ပညာရေးကနေချပေးတဲ့ ဆရာမလေးယောက်တော့ရှိတယ် KG ကနေ ငါးတန်းထိဆိုတော့ ဆရာမလေးယောက်ပဲ မလောက်ဘူး” ဟုပြောသည်။

လိုင်ကာဇွပ်ဂျာကျေးရွာတွင် မူလတန်းတက်ရောက်ရမည့် ကျောင်းသား ၆၀ ခန့်ရှိပြီး ဒေသခံများမှ စေတနာ့ဝန်ထမ်းလုပ်ကိုင်လိုသူ နှစ်ဦးကို ရွေးချယ်ရန်တိုင်ပင်ထားကာ ပညာရေးဝန်ထမ်းများ နေထိုင်ရန် အိမ်လည်း မဆောက်လုပ်ရသေးကြောင်း သိရသည်။

ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် အဖွဲ့အစည်းများမှ အကူအညီများလည်း မရရှိကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါဒေသခံများသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလက ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားချိန် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများဖြစ်ပြီး အိမ်ထောင်စု ၇၂ စု လူဦးရေ ခြောက်ရာကျော်က မေလ ၁၀ ရက်နေ့က မိုင်းခေါင်စစ်ရှောင်စခန်းမှ မူလနေရပ်သို့ ပြန်လည်အခြေချနေထိုင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း – Dureng

ဓါတ်ပုံ – လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံများ မေလ ၁၀ ရက်နေ့က မိုင်းခေါင်စစ်ရှောင်စခန်းမှ မူလနေရပ်သို့ပြန်စဉ်မြင်ရပုံ (ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ