ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် တိုက်ပွဲနှစ်ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် အရပ်သားထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။

နန်းမားမြို့၊ နန့်ဆော်လော်ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်သည့်အတွက် ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း နန်းမားဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်ကတည်းနဲ့ပစ်တာ။ ခုဏကမှရပ်သွားတာ။ လျှောက်ရမ်းပစ်တော့အိမ်တွေပေါ်ကျတာလေ။ ဆန်စက်တွေ မီးလောင်တာ။ စစ်သားတွေက နန့်ဆော်လော်က မြောက်ကျောင်းထဲမှာ စခန်းချထားတာ။ အဲ့တာကို PDF တွေက ဝိုက်လိုက်တော့ သူတို့ကပိတ်မိသလိုဖြစ်သွားတာ။အဲ့တာကြောင့် ပွဲကြမ်းကုန်တာဒီနေ့” ဟုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ နန်းမားကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့်အတွက် စစ်ကောင်စီစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းနှင့် ယမန်နေ့ညနေပိုင်းတွင် နန့်ဆော်လော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း နန်းမားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“PDF တွေထွက်သွားပြီး မကြာခင်မှာပဲ စစ်ကောင်စီတွေသတင်းကြားလို့ ရွာထဲဝင်လာတယ်။ ပြီးတော့သူတို့ PDF တွေရှိတဲ့နေရာကို တက်သွားတယ်။ ညနေလောက်ကို နန့်ဆော်လော်ရွာဘက်မှာ စစ်ဖြစ်ကြတယ်” ဟုပြောသည်။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ညောင်လေးပင်ကျေးရွာမှ အရပ်သားပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ယနေ့ဖြစ်စဉ်တွင် နန်းမားမြို့မှ အရပ်သားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဒေသခံပြည်သူငါးဦး ထပ်မံထိခိုက်ခဲ့သည်ဟု သူကဆိုသည်။

လက်နက်ကြီးထိမှန်သည့်အတွက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသည့် အရပ်သား မည်မျှရှိသည်ကို The 74 Media အနေဖြင့် တိတိကျကျ အတည်မပြုနိုင်သေးပါ။

ယခုလက်ရှိနန်းမားမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကြပ်စွာ လုပ်ဆောင်နေပြီး စစ်အင်အားတိုးချဲ့ရန် မြစ်ကြီးနားမြို့မှ စစ်ယာဉ်တန်းများ ထွက်ခွာလာကြောင်းလည်း သိရသည်။

ယခုလက်ရှိတိုက်ပွဲဖြစ်ပွားသည့် နန့်ဆော်လော်ကျေးရွာ၊ တောင်အင်းကျေးရွာနှင့် အောင်မြေကျေးရွာမှ ဒေသခံပြည်သူများမှာ နန်းမားမြို့ပေါ်တွင် ရှောင်တိမ်းနေရကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လ ပထမပတ်ကလည်း နန်းမားမြို့ရန်အောင်ရပ်ကွက်ရှိ နယ်မြေရဲစခန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- ကေအိုင်အေတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

 

 

သင့်ထင်မြင်ချက်ရေးပေးပါ