ဝိုင်းမော်မြို့နယ် ခတ်ချိုကူတို့ဆိပ်တွင် ရေဆင်ကူးသည့် ကလေးနှစ်ဦး ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ရေနစ်ခဲ့သူသုံးဦးမှ တစ်ဦးကိုသာ အနီးတွင် ရေကူးနေသည့် အမျိုးသားတစ်ဦးက ကယ်ဆယ်နိုင်ခဲ့ကာ ကျန်နှစ်ဦး၏ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးသုံးဦး ရေဆင်းချိုးနေတာ ရေနစ်သွားတယ်တဲ့ အားလုံးက ဒေသခံတွေပဲ။ တစ်ယောက်ကိုက ချက်ခြင်း ဘေးကရေချိုးနဲ့တဲ့ အမျိုးသားတစ်ဦးက တွေ့လို့ကယ်လိုက်နိုင်တာတဲ့။ တစ်ယောက်ကိုက ၃ နာရီလောက်မှာ ပြန်တွေ့ခဲ့တယ်။ တစ်ယောက်ကိုက ရှာနေဆဲဟုတ်တယ်” ဟုပြောသည်။

ကလေးသုံးဦးမှာ ဆယ်နှစ်ကျော်အရွယ် ယောင်္ကျားလေးသုံးဦးဖြစ်ပြီး တစ်ဦးကို လူမှုကယ်ဆယ်ရေးအသင်းများက ဆက်လက်ရှာဖွေနေကြောင်း သူကဆက်ပြောသည်။

မျိုးဆက်သစ်လူမှုကူညီရေးအသင်း၊ ဧရာဝတီဂရုဏာ လူမှုကူညီရေးအသင်း၊ မွန်မြတ်စေတနာလူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်တွင် လူငယ်မိန်းကလေးတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်းသိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *