မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်နှင့် ကျွန်းတောရပ်ကွက်တို့တွင် ယနေ့ည သေနတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားသည့် မိုးကောင်းမြို့မ ရဲစခန်း၊ တရားဥပဒေရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးများတည်ရှိရာ နတ်ကြီးကုန်းရပ်ကွက်တွင် ယနေ့ည ၇ နာရီခန့်က သေနတ်သံ ဆယ်ချက်ထက်မနည်း ကြားရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကဗုံးနဲ့အပစ်ခံရတဲ့ တရားရုံးတွေနဲ့ထွေအုပ်ရုံးက စစ်သားတွေမူးပြီးပစ်တာပါ။ ယမန်နေ့ညကတစ်ယောက် ပေါင်ထိသွားလို့ ကြောက်ပြီးခြောက်ပစ်ပစ်နေကြတာပါ” ဟုပြောသည်။

ပစ်ခတ်သံများကြားရပြီးနောက် နှစ်နာရီခန့်အကြာတွင် ပတ်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျွန်းတောရပ်ကွက်တွင် သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များထံမှ သွားရောက်ပစ်ခတ်ခြင်း မရှိကြောင်း PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကလေးတွေတော့ မသွားပါဘူး။ သူတို့ဖာသာသူတို့ တစ်ဖက်သတ်ပစ်တာပါ။ မနေ့ညတုန်းက ဗုံးပစ်ထားတဲ့ အရှိန်ကြောင့်ထင်ပါတယ်။ သူတို့ဖာသာ ခြောက်လှန့်ပစ်တဲ့ သဘောလောက်ပါပဲ” ဟုပြောသည်။

ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားသည့် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို မိုးကောင်း KPDF အဖွဲ့က ရှေ့ထွက်မိုင်းဖြင့် သွားရောက်ပစ်ခတ်ခဲ့သည့်အတွက် ရုံးအဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်များ အထိုင်ချထားသည့် မိုးကောင်းတံတားထိပ်ရှိ စစ်ဆေးရေးဂိတ်ကို မိုးကောင်း KPDF တပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Yu San

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *