မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားရှိ မြို့ဝင်ဘီးခွန်ဂိတ်ကို ယမန့်နေ့ည ၅ နာရီခွဲခန့်က တုန်ဟုန်းကားတစ်စီး ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ဗလမင်းထင်တံတားအနီးတွင် ဝါးနှင့်တားကာ ဘီးခွန်ကောက်သည့် အသစ်ဆောက်လုပ်ထားသော ဂိတ်တဲ ပျက်စီးသွားသည်ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက The 74 Media ကိုပြောသည်။

“အခုအသစ်လုပ်ထားတဲ့ဝါးတားဂိတ်ဟုတ်တယ်။ ကုန်းဆင်းတဲ့နေရာမှာ။ ဘရိတ်မမိသွားတာတဲ့၊ လူတွေကတော့ ဘာမှမဖြစ်ဘူးထင်တယ်။ အလုံးလိုက်ကို အကုန်လုံးတက်ကြိတ်လိုက်တာ။ ဘီးခွန်ကောက်တဲ့လူနေအိမ်က ပြားသွားတာဟုတ်တယ်” ဟုပြောသည်။

အဆိုပါဘီးခွန်ဂိတ်သည် ဝိုင်းမော်မြို့နယ်မှ မြစ်ကြီးနားမြို့နယ်သို့လာလျှင် လမ်းညာဘက်ခြမ်းတွင်တည်ရှိပြီး အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များလည်း တည်ရှိသည်။

လွန်ခဲ့သော နှစ်လခန့်က ဆောက်လုပ်ခဲ့သော အဆိုပါဂိတ်တဲသည် လမ်းဆုံအနီးတွင် ဆောက်လုပ်ထားသောကြောင့် အရှိန်ဖြင့်မောင်းနင်လာသည့် ကုန်ကားကြီးများအတွက် အဆင်မပြေကြောင်း သူကဆက်ပြောသည်။

“အမှန်တကယ်ဆိုရင် သူတို့စဉ်းစားသင့်တာ ပြည်သူဘက်ကိုပါတယ်ဆိုရင် ဆင်းတဲ့နေရာလည်းဟုတ်တယ်။ ကားသမားတွေဆိုရင် အရှိန်ပါတဲ့ပစ္စည်းရှိသလို အရှိန်မပါတဲ့ပစ္စည်လည်းရှိတာပေါ့။ အကယ်လို့ အရှိန်ပါတဲ့ ကားကြီးဆိုရင် ရှေ့မှာလည်းလမ်းဆုံရှိတယ်၊ ရှေ့ကိုပဲကြည့်ရမလား ဝါးတားဂိတ်ကိုပဲကြည့်ရမလား ဖြစ်ကုန်တယ်” ဟုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများအနီးတွင် လုံခြုံရေးအကြောင်းပြကာ နေရာအနှံ့ဘယ်ရီဂိတ် (ဝါးတားဂိတ်)များ ပြုလုပ်ထားသောကြောင့် ဖြတ်သွားဖြတ်လာပြည်သူများက ကွေ့ပတ်သွားနေရသဖြင့် လိုရာခရီးသွားရန် အချိန်ကြန့်ကြာမှုများနှင့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – မြို့ဝင်ဘီးခွန်ဂိတ်ကို တုန်ဟုန်းကားဝင်တိုက်ခဲ့သည်ကို မြင်ရပုံ

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *