လူငယ်ချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်ခဲ့ပြီး နီးစပ်ရာကျေးရွာများဆီ ထွက်ပြေးတိမ်းရှောင်နေသည့် ဖားကန့်မြို့နယ်မှ လူငယ်လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စု၊ Perfect ဘီယာဆိုင်ရှေ့တွင် မေလ ၇ ရက်နေ့ညက ဓားထိုး ရိုက်နက်မှုဖြင့် လူငယ်တစ်ဦး သေဆုံးခဲ့သည့် CCTV မှတ်တမ်းများဖြင့် လိုက်လံရှာဖွေရာမှ ပြစ်မှုကျူးလွန်သူတစ်ဦး၏ နေအိမ်တွင် မေလ ၉ ရက်နေ့ည ၉ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၅ နှစ်ခန့်အရွယ်ရှိ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရုပ်တွေကိုက မှတ်မိနေတော့တာလေ ကြည့်ရတာလည်း ရှင်းရှင်းလင်းလင်းဆိုတော့ ပုံပြပြီးမေးကြည့်တာပေါ့။ ဒါဘယ်သူ့သားလဲ ဘယ်ကလဲ လိုက်မေးတော့မှ သူတို့ရှိတဲ့နေရာကိုပါသိသွားတာ” ဟုသူကပြောသည်။

ဖမ်းဆီးခံခဲ့ရသူလေးဦးတွင် ကိုသားကြီးဆိုသူနှင့် ကိုဝေဆိုသူတို့ ပါဝင်ပြီး ကျန်နှစ်ဦး၏ အမည်ကိုမသိရသေးပေ။

လူသတ်မှုကျူးလွန်ခဲ့သည့် အဆိုပါလူငယ်လေးဦးကို မည်သည့်အဖွဲ့က ဖမ်းဆီးရမိခဲ့သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။

အဆိုပါဖြစ်စဉ်တွင် သေဆုံးခဲ့သူမှာ ဦးခေါင်းတွင် ရိုက်နက်ခံရသည့်ဒဏ်ရာနှင့် ဝမ်းဗိုက်တွင် ဓားထိုးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုင်းတောင်ကျေးရွာ အသက် (၂၉) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရက်မူးပြီး စကားထများကြတာ ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ ဆော်ကြတာ ဝင်ပြီးဖြည်လို့လည်းမရဘူး။ အသားကုန်ထိုးနေကြတာ ဟိုကောင်ကဘာပြောလိုက်လဲမသိဘူး။ အများနဲ့တစ်ယောက်ချတာဟုတ်တယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ဖိုးသားဆိုသူဖြစ်ပြီး ဆိုင်းတောင်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။

ဖားကန့်မြို့နယ်တွင် မေလ ပထမပါတ်အတွင်း ပစ်ခတ်သတ်ဖြတ်ခံရသူ ငါးဦးရှိပြီဖြစ်ပြီး The 74 Media က ရရှိထားသော အချက်အလက်များအရ ပြီးခဲ့သည့် ဧပြီလအတွင်း သတ်ဖြတ်ခံခဲ့ရသူ ၁၂ ထက်မနည်းရှိခဲ့သည်။

သတင်း – SK

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ