စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ယနေ့နံနက် ၄ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သော ကလေးမြို့မြောက်ပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

ရာဇဂြိုလ်ကျေးရွာရဲစခန်းကို သွားရောက်ပစ်ခတ်သိမ်းပိုက်ချိန် တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ကလေးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲဖြစ်တယ်။ ရာဇဂြိုလ်ဘက်မှာ ကိုယ့်ဘက်ကတော့ တစ်ယောက်ကျတယ်။ စခန်းသိမ်းတိုက်တာ။ လေကြောင်းတအားပစ်လို့ ပစ်ဆုတ်ခဲ့တာ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က Mi 35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ရာဇဂြိုလ်ကျေးရွာနှင့် ကိုးမိုင်ခန့်အကွာရှိ စခန်းကြီးကျေးရွာရဲစခန်းမှလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း ကလေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စခန်းကြီးရွာဘက်ကနေ ထုတာထင်တယ်။ ကလေးမြို့ထဲက မထုဘူး။ လာကူမှာစိုးလို့ လှန့်တဲ့သဘော ပစ်တာနေမယ်” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် လက်ပံချောင်ကျေးရွာမှ ဒေသခံနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားအမျိုးသားတစ်ဦးလည်း လက်နက်ကြီးထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလပထမအပတ်က ကလေးမြို့မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ