စားကျက်မြေနေရာတွင် စစ်ကောင်စီတပ်ကမိုင်းထောင်ထားသည့် မိုင်းများကို နွားများနင်းမိပေါက်ကွဲပါက လျှော်ကြေးတောင်းခံသည့်အတွက် ကညှင်မြိုင်ကျေးရွာမှ ကျွဲ၊ နွားပိုင်ရှင်များက အမြန်ထုတ်ရောင်းနေကြကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာနှင့် ပြွန်သုံးလုံးကျေးရွာကြားရှိ နွားလွတ်ကျောင်းသော နေရာတွင် စစ်တပ်က မိုင်းထောင်ထားသည့်အတွက် ကညှင်မြိုင်ကျေးရွာဒေသခံများမှာ ကျွဲ၊ နွားများကို မိုးရာသီမရောက်မှီ ထုတ်ရောင်းနေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပုံမှန်ဆိုရင် ကျွဲများတဲ့သူဆိုရင် ထိန်းလို့မရတဲ့ ကျွဲပေါက်လေးတွေ ရောင်းတာပေါ့။ နွားဆိုလည်း နွားသိုးလေးတွေ ထိန်းရသိမ်းရခက်တဲ့နွားတွေရောင်းတာ။ စပါးမရောင်းရရင် ပိုလျှံတဲ့ကျွဲ၊ နွားလေးတွေ ရောင်းတာပေါ့။ အကုန်လုံးနီးပါး ထုတ်ရောင်းနေရတယ်။ ခုမိုးတွင်းဆို ပိုဆိုးမယ်” ဟုပြောသည်။

ကညှင်မြိုင်ကျေးရွာဒေသခံများသည် ကျွဲ၊ နွားများကို မိရိုးဖလာအရနှင့် နွားမှရရှိသည့် နွားချေးကို မြေဩဇာအဖြစ်အသုံးပြုရန်သာ မွေးမြူကြပြီး ကျွဲ၊ နွားများကို ပိုလျှံမှသာ ရောင်းချလေ့ရှိကြောင်း သူကပြောသည်။

မိုးတွင်းကာလ နွားကျောင်းရန်အသုံးပြုသည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၃) နှင့် (၃၈၄) တပ်၏ ပတ်ပတ်လည်တွင်တည်ရှိသော နွားစားကျက်မြေနေရာကို ပြီးခဲ့သည့်ဧပြီလ ပထမအပတ်မှစတင်ကာ မိုင်းထောင်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“နွားတွေက မိုးတွင်းကျရင် တောင်ပေါ်တင်လို့မရဘူး။ တပ်ရင်းဘေးမှာ ကွင်းကျယ်ကြီးတွေရှိတယ်။ မိုးတွင်းမှာကျောင်းလို့ရတာ။ အခုကျတော့ မိုးတွင်းကျောင်းဖို့ကျတော့ သိပ်အဆင်မပြေတော့ဘူး” ဟုပြောသည်။

ကညှင်မြိုင်ကျေးရွာရှိ အိမ်ထောင်စုအများစုမှာ နွားမွေးမြူရေးလုပ်ကိုင်ကြပြီး စားကျက်မြေနေရာ အခက်အခဲကြောင့် တစ်အိမ်ထောင်လျင် နွားဆယ်ကောင်မှ အကောင်သုံးဆယ်အထိ ရောင်းချခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မိုးတွင်းကာလကလည်း အဆိုပါစစ်ကောင်စီတပ်နှစ်ခု၏ အနောက်ဘက်ရှိ ဆက်သွယ်ရေး တာဝါတိုင်ကုန်းအနီးတွင် မိုင်းထောင်ထားသည့်အတွက် ဒေသခံများ၏ ကျွဲ၊ နွားများမိုင်းနင်းမိပြီး သေဆုံးခဲ့သည့်အရေအတွက် ဆယ်ကောင်ထက်မနည်းရှိကြောင်း သိရသည်။

သေဆုံးသွားသည့် ကျွဲ၊ နွားများ၏တန်ဖိုးကို မရရှိသည့်အပြင် ပေါက်ကွဲသွားသည့် မိုင်းတန်ဖိုးကိုပါ စစ်ကောင်စီတပ်ကို ပြန်လည်ပေးလျော်ရသည်ဟု နွားရောင်းခဲ့သည့် ကညှင်မြိုင်ရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွာထဲကနွားတွေနင်းမိတယ်၊ ကွဲလိုက်ပြီဆိုရင် နွားပိုင်ရှင်ဘယ်သူလဲဆိုရင် မိုင်းကြေးကလျော်ရတော့မှာလေ။ တစ်လုံးကွဲရင် သူတို့တောင်းသလောက်ပေါ့နော်။ ဆယ်သိန်း၊ ဆယ့်ငါးသိန်း အဲ့လိုတွေပေးရတယ်။ နွားကိုပဲ ကျွန်မတို့က ပစ်ထားလိုက်တော့တာ။ ပိုင်ရှင်မပေါ်အောင် တိတ်တိတ်လေးပဲနေလိုက်ရတော့တာ” ဟုပြောသည်။

စစ်တပ်နှင့် ကညှင်မြိုင်ကျေးရွာသည် လေးဖာလုံခန့်သာကွာဝေးပြီး ယခင်က ထိုအနီးပတ်ဝန်းကျင်တွင် ဒေသခံများမှာ သပြေပန်းချိုးခြင်း၊ နွားကျောင်းခြင်း၊ ထင်းခွေခြင်းနှင့် မှိုရှာခြင်းတို့ပြုလုပ်လေ့ရှိပြီး ယခုအခါဖြတ်သန်းသွားလာရန်ပင် ခက်ခဲနေကြောင်း သူကဆက်ပြောသည်။

“ပန်းချိုးတဲ့အချိန်ဆို ရွာကတွေက ပန်းချိုးသွားကြတယ်လေ။ ပန်းချိုးမသွားရဘူးပေါ့။ အစ်မတစ်ယောက်ဆိုရင် အဲ့ဒီမိုင်းကို ခွထားမိလျက်သားဖြစ်တာပေါ့၊ ပန်းချိုးတာ။ အဲ့လိုမျိုးတွေ ဒုက္ခရောက်ကြတာ” ဟုပြောသည်။

မိုင်းထောင်ထားသည့် ဧရိယာတွင် သပြေပင်များရှိပြီး ထိုသပြေပန်းများကို ဒေသခံများက စီးပွားဖြစ် ရောင်းချလေ့ရှိကြသည်။

မိုင်းထောင်ထားသည့် အဆိုပါစစ်ကောင်စီတပ်နှစ်ခုသည် မြစ်ကြီးနား – ရွှေဘို ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိသည့်အပြင် မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်တပ်ဆင်ထားခြင်း မရှိကြောင်းနှင့် ခရီးသွားများ မိုင်းနင်းမိမည်ကို စိုးရိမ်ရကြောင်း ဒေသခံများကဆိုသည်။

ပြီးခဲ့သည့်ဧပြီ ၁၅ ရက်နေ့က အဆိုပါ စစ်ကောင်စီခမရ (၃၈၃) တပ်အနီးတွင် ခရီးသွားပြည်သူအမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့သည့်အတွက် မိုးကောင်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က အဆိုပါခမရ (၃၈၃) နှင့် (၃၈၄) စစ်တပ်နှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ကြောင်း သိရသည်။

သတင်း- Yu San

 

သင့်ထင်မြင်ချက်ရေးပေးပါ