စစ်ကောင်စီတပ်၏ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ရေးမြို့နယ်မြောက်ဘက်ရှိ ဝါးပသဲကျေးရွာအနီးရှိ ကျားဖြူတပ်ခွဲ (၁) နောက်တန်းစခန်းကို တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင် ရဲဘော်သုံးဦး ကျဆုံးခဲ့သည်ဟု ကျားဖြူတပ်ခွဲ (၁) ၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာရတဲ့ ဒဏ်ရာပြင်းထန်ပြီး ကျသွားတာပါ။ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရ အပြီးပေါ့။ ဒုတိယအကြိမ် Mi 35 တုန်းကတော့ မရှိဘူး။ သူတို့အတွက် စီစဉ်ပေးစရာတွေ စီစဉ်ပေးနေတဲ့အချိန်မှာပဲ Mi 35 ကထပ်လာပစ်တာ” ဟုပြောသည်။

ယမန်နေ့ကလည်း ကျဆုံးသည့် ကျားဖြူတပ်ခွဲ (၁) မှ ရဲဘော်ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီးနှင့် ရဲမေ ခင်သန္တာဆွေ (ခ) မမြင့်တို့၏ ဈာပနာပြုလုပ်နေချိန် နံနက် ၁၁ နာရီခန့်တွင် Mi 35 အမျိုးအစား တိုက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လမိုင်းပရဟိတအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒေသခံတွေပြောပြချက်အရ ထိခိုက်ဒဏ်ရာရတဲ့သူတွေ သူတို့လမိုင်းမြို့ကို မပို့လာသေးတာ ဖြစ်လောက်တယ်။ အနီးအနားမှာ ရွာထဲမှာထိသွားတဲ့သူတွေလည်း ရှိတယ်လို့ကြားသိတယ်။ ဒေသခံတွေထိတာပေါ့” ဟုပြောသည်။

ဒဏ်ရာရရှိခဲ့သူများမှ အသက်သုံးဆယ်ခန့်အရွယ်ရှိ မနော်စန္ဒာအေးဆိုသူကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သူကဆက်ပြောသည်။

ယမန်နေ့ညက ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) စန်ထမ်း ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးအနီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓာတ်ပုံ – ကျားဖြူတပ်ခွဲ (၁)

သင့်ထင်မြင်ချက်ရေးပေးပါ