သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက် ၆ နာရီခန့်က ဖားကန့်မြို့ မရှီကထောင်အုပ်စုတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ရေအေးဂျောင်ရပ်ကွက်တွင် မျက်လုံးကို တိပ်ဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုတ်ခံထားရပြီး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၄၆ နှစ်ခန့်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ရက်ရက်စက်စက်ကိုသတ်ထားတာ လူသားမဆန်လိုက်တာ။ ဒီလိုအဖြစ်အပျက်တွေက ဖားကန့်မြို့ရဲ့ နေရာတိုင်းလိုလိုကိုဖြစ်နေပြီ တော်တော်လည်းလန့်နေပါပြီ။ မနေ့တုန်းကလည်း အောင်ရတနာဆိုင်နားမှာ မိုင်းကွဲလို့ ပြေးလိုက်ရသေးတယ်” ဟုပြောသည်။

သတ်ဖြတ်ခံထားရသူမှာ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင်လည်း သေနတ်ဒဏ်ရာနှင့် ဓားဒဏ်ရာများရရှိထားပြီး ရုပ်အလောင်းကိုလည်း ဝိသာဟလူမှူကုညီရေးအဖွဲ့က ဖားကန့်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသာားတစ်ဦးက ပြောသည်။

“အသတ်ခံရတဲ့သူက ဘယ်သူဆိုတာ မသိရသေးဘူး ဘာကြောင့်အသတ်ခံရတာလဲ၊ ဘယ်သူတွေသတ်သွားတယ်ဆိုတာလည်း သိတဲ့သူလည်း သိကြတယ်။ ဒါပေမဲ့ အတည်ပြုလို့မရသေးဘူး။ အလောင်းကိုတော့ သယ်သွားကြပြီ” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် လွန်ခဲ့သောတစ်ပါတ်အတွင်း ပစ်ခတ်သတ်ဖြတ်ခံရသူ ငါးဦးရှိပြီဖြစ်ပြီး မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

နမ္မဖြစ်ကျေးရွာအုပ်စုနှင့် မှော်စီစာကျေးရွာကြား ထွယ်ဆန်ယန်ကျေးရွာရှိ တံတားအနီးတွင် မေလ ၅ ရက်နေ့ နံနက်ပိုင်းက ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

အေးမြသာယာအုပ်စု ညောင်ပင်ကုန်းအနီးတွင်လည်း မေလ ၄ ရက်နေ့က အသက် ၂၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦးမှာ ဓားဒဏ်ရာနှင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ လုံးခင်းကျေးရွာအုပ်စုတွင် ဖမ်းဆီးခံခဲ့ရသည့် KIA လက်အောက်ရှိပြည်သူ့စစ်အဖွဲ့ဝင် ရဲဘော်များဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်များထံက သိရသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း သတ်ဖြတ်ခံခဲ့ရသူ ၁၂ ထက်မနည်းရှိခဲ့ပြီး မရှီကထောင် ကြိုးတံတားအနီးတွင်လည်း မေလ ၁ ရက်နေ့နံနက်က ဦးခေါင်းနှင့် ရင်အုပ်တို့တွင် သေနတ်ဒဏ်ရာများအပြင် ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ