မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ယနေ့နံနက် ၂ နာရီခန့်က ဂိုဒေါင်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မာမက ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ခြံဝင်းတစ်ခုအတွင်းမှ ပစ္စည်းဂိုဒေါင်လေးလုံးမီးလောင်ခြင်းဖြစ်ပြီး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် ဖြစ်နိုင်သည်ဟု လူမှုကူညီရေးအသင်းတစ်ခုက The 74 Media ကိုပြောသည်။

“ရပ်ကွက်လူကြီးတွေအကြောင်းကြားလာတော့ မီးသတ်တပ်ဖွဲ့ကိုအကြောင်းကြားပြီး ကျွန်တော်တို့ သွားပူးပေါင်းပြီး မီးသွားငြိမ်းတာ။ ပတ်ဝန်းကျင်ပြောတာက ဝါယာရှော့ခ်လို့ပြောတယ်။ ဝင်းတစ်ဝင်းထဲမှာပဲ ဆောက်လုပ်ရေးဝင်းဆိုလားပဲ ပစ္စည်းဂိုဒေါင်လို့ပြောတယ်” ဟုပြောသည်။

မီးသတ်ကား ခြောက်စီးခန့်ဖြင့် နံနက် ၃ နာရီခန့်က မီးငြိမ်းသတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သူကဆက်ပြောသည်။

“ထိခိုက်ဒဏ်ရာရရှိသူကမရှိဘူး။ အဲ့မှာက ညစောင့်ကလေးတွေပဲရှိတယ်။ မီးသတ်ကားက သုံးစီးပါတယ်။ ရေသယ်ယာဉ်ကလည်း သုံးစီးလောက်ပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ လဆန်းပိုင်းကလည်း ဒူကထောင်ရပ်ကွက်တွင် နေအိမ်တစ်လုံး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မျက်နှာကျက်မှတစ်ဆင့် နေအိမ်တစ်ခုလုံးမီးလောင်ခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ