စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးနှင့် ပြည်သူတစ်ဦးတို့၏ ဈာပနာအခမ်းအနားကို ယနေ့နံနက်က ချောင်းဦးမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျီးကုန်းကျေးရွာကို မေလ ၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာချိန် ခေါင်းဖြတ် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ချောင်းဦးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဈာပနအစီအစဉ်ကိုတော့ ကျွန်တော်တို့ဒီနေ့မှလုပ်ဖြစ်တာပေါ့နော့။ အရိုးပြာအိုးတွေနဲ့ပဲ ဈာပနလုပ်နိုင်တာ။ ခန္ဓာကိုယ်ခေါင်းတွေမပါတော့ မိသားစုတွေကိုမပြတော့ဘူးပေါ့။ အရင်ဆုံးသင်္ဂြိုဟ်ပြီးတော့မှ အရိုးပြာကိုပဲ ဈာပနလုပ်လိုက်တာပါ” ဟုပြောသည်။

သတ်ဖြတ်ခံရသူများတွင် ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှစ်ဦးနှင့် အရပ်သားပြည်သူတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထိုနေ့တွင် အဆိုပါစစ်ကြောင်းက စစ်ရှောင်ပြည်သူများကို ကူညီကယ်ထုတ်နေသည့် Aung San Force မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် စစ်ရှောင်အမျိုးသမီးတစ်ဦးကိုလည်း ထပ်မံသတ်ဖြတ်သွားခဲ့ကြောင်း Aung San Force တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ယာယီတဲတွေထိုးပြီးရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကိုရဲဘော်တစ်ချို့က ကယ်ထုတ်ပေးတယ်ပေါ့နော်။ ညလည်းညဖြစ်တာဆိုတော့ လွတ်ကင်းတဲ့နေရာပို့ပေးနေတာ။ အဲ့အချိန်မှာရဲဘော်နှစ်ယောက်က နောက်တစ်သုတ်ပြန်သွားကယ်အထုတ် စစ်ကြောင်းကရောက်လာပြီး တည့်တည့်တိုးသွားပြီး ပစ်သတ်ခံလိုက်ရတာပါ” ဟုပြောသည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် မေလ ၄ ရက်နေ့အတွင်း စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့သူ ရှစ်ဦးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ဝင်းဇော်ဦး (ခ) လှဟန်၊ ရဲဘော်မျိုးကို၊ ရဲဘော်ပြည့်ဖြိုးသူ (ခ) သားကြီး၊ ရဲဘော်မောင်မောင်(ခ) ဦးတာ၊ ရဲဘော်ဝတုတ်၊ ရဲဘော်ဗိုက်ကလေးနှင့် အရပ်သားပြည်သူ ကိုဖုန်းမြင့်နှင့် ဒေါ်စန်းလွင်တို့ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိအဆိုပါစစ်ကြောင်းက ဂွေးပင်တောကျေးရွာတွင် ရောက်ရှိနေပြီး ၎င်းတို့စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၏ ပြီးခဲ့သည့် လေးလတာကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပြင် မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်စုစုပေါင်း ၁၇၉ ဦးခန့် သေဆုံးခဲ့သည်ဟု Myanmar Peace Monitor မှ ထုတ်ပြန်ခဲ့သည်။

သတင်း- Yu San

ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ