စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် ယနေ့ နံနက်မှစတင်ကာ ခင်ဦးဒေသခံ ခုနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်အနောက်ပိုင်းသို့ ဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု Khin U Special Force Organization (KSO) တာဝန်ခံက The 74 Media ကိုပြောသည်။

“သူကရွာတစ်ရွာဝင်မယ်ဆိုရင် လက်နက်ငယ်တွေနဲ့ အရင်ပစ်ပြီးမှ ရွာကိုဝင်တာလေ။ ပြည်သူလူထုတွေကို သူတို့တွေ (စစ်ကောင်စီ) ကို မခုခံအောင် အဝေးကနေ လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ပြီးမှ ရွာတွေထဲဝင်တာ” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသူ ၇၀၀၀ ကျော်တွင် ခင်ဦးမြို့နယ်အနောက်ပိုင်းရှိ အင်းပတ်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ခင်ဦးမြို့နယ်အရှေ့ပိုင်းရှိ သင်ပေါင်းကျေးရွာ၊ ကဘွတ်ကျေးရွာ၊ ကုတ်တက်ကျေးရွာမှ ဒေသခံများအပါအဝင် သပိတ်ကျင်းနှင့် စဉ့်ကူးမှ တိမ်းရှောင်လာသူများလည်းပါဝင်သည်။

အဆိုပါစစ်ကြောင်းတွင် ရေဦးတိုင်းရင်းဆေးရုံမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရွာသစ်ကုန်း(ကျေးရွာ) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

ယမန်နေ့ကလည်း ခင်ဦးမြို့နယ်အရှေ့ပိုင်းတွင် သပိတ်ကျင်းနယ်မှ ထွက်ခွာလာသော အင်အား ၂၀၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လုံခြုံရေးယူနေတဲ့အချိန်မှာ စစ်ကောင်စီက နောက်ကနေ အလစ်အငိုက်ဝင်တိုက်လိုက်တဲ့အချိန်မှာ တပ်ရင်းတပ်ဖွဲ့က PDF ရဲဘော်တစ်ယောက် ကျနေခဲ့တာ လက်နက်လည်းပါသွားတယ်” ဟုသူကပြောသည်။

အဆိုပါ သပိတ်ကျင်းနယ်မှ ထွက်ခွာလာသောစစ်ကြောင်းသည် ခင်ဦးမြို့နယ်၊ ကုတ်တက်ကျေးရွာနှင့် ကဘွတ်ကျေးရွာတို့မှ အိမ်ခြေ ၁၅၀ ထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဧပြီလ ၂၇ ရက်နေ့က ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာကို စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက မီးရှို့ခဲ့သည့်အတွက် အိမ်ခြေလေးရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့

 

သင့်ထင်မြင်ချက်ရေးပေးပါ