စစ်ကောင်စီတပ်က ယမန်နေ့နံနက် ခုနှစ်နာရီခန့်တွင် မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်မှ မြင်းမူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက  အိမ်ခြေခြောက်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Black Eagle တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရွာကကြီးတော့ အိမ်ခြေထူထပ်တာနဲ့ လေတိုက်တာနဲ့ မီးကူးတာနဲ့ တစ်ရွာလုံးကုန်သလောက်နီးပါးကို ဖြစ်သွားတာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက်လာစဉ် သေနတ်ရမ်းသမ်းပစ်ခတ်သည့်အတွက် အမျိုးသားတစ်ဦးသေဆုံးပြီး ကျေးရွာတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦးလည်း ရိုက်နက်နှိပ်စက်ခံရကာ သေဆုံးခဲ့ရသည်ဟု မြေပြင်ထောက်လှမ်းရေး တာဝန်ခံတစ်ဦးက ပြောသည်။

“ရွာထဲပိတ်မိပြီးတော့ ဖမ်းဆီးရိုက်နှက်ပြီးတော့ မပြေးနိုင်လို့ မီးထဲပါသွားတယ်လို့ သိရတယ်။ တစ်ယောက်က စစ်ကြောင်းဝင်လာတော့ ထွက်ပြေးရင်း ကျည်ထိမှန်ပြီးသေဆုံးတယ်လို့ သိရတယ်” ဟုပြောသည်။

သေဆုံးသူနှစ်ဦးအပြင် ကျည်ထိမှန်သည့်အတွက် ထိခိုက်ဒဏ်ရာရသည့် အမျိုးသားတစ်ဦးလည်းရှိပြီး ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်းကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိသည့် လက်ထုတ္တောကျေးရွာ၏ နေအိမ်ထက်ဝက်ကျော်ကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းသည် မြင်းမူမြို့နယ် ကန်တော်ကျေးရွာမှ စစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းသုံးကျောင်းကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း သိရသည်။

သတင်း – Yu San

သင့်ထင်မြင်ချက်ရေးပေးပါ