ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) နှင့်ဆက်နွယ်သည်ဟုဆိုကာ မြစ်ကြီးနားမြို့ရှိ KTV တစ်ခုတွင် ယနေ့နံနက် ၅ နာရီခန့်က အမျိုးသားငါးဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

တပ်ကုန်းရပ်ကွက် ရွှေလမ်းမပေါ်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကေအိုင်အေနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့မနက်ပိုင်းဖမ်းခံရတာ၊ ဖမ်းခံရတာက ငါးဦးဟုတ်တယ်။ ကေအိုင်အေတာဝန်ထမ်းဆောင်တာက တစ်ယောက်ပဲပါတယ်။ တစ်ခြားသူတွေက အရပ်သားတွေဟုတ်တယ်” ဟုပြောသည်။

ဖမ်းဆီးခံရသည့် ကေအိုင်အေတပ်ဖွဲ့ဝင်မှာ ဦးနော်ဒီးဆိုသူဖြစ်ပြီး အခြားအရပ်သားများမှာ မည်သူမည်ဝါဖြစ်သည်ကိုမသိရသေးကြောင်း သူကဆက်ပြောသည်။

ဦးနော်ဒီးသည် ကေအိုင်အေတပ်ရင်း ၁၁ ဌာနချုပ်တွင် ရုံးစားရေးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အခွန်ဌာနတွင်လည်းပါဝင်သူဖြစ်ကြောင်း အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ကေအိုင်အေအရာရှိတစ်ဦးက ပြောသည်။

“ဖမ်းခံရသူတွေအားလုံးအမျိုးသားတွေပဲ၊ ဖမ်းခံရသူက မြစ်ကြီးနား မြို့နယ်က တပ်သားရုံးစားရေးဟုတ်တယ်။ သူနဲ့အတူပါလာသူတွေနဲ့အတူ ဖမ်းခံလိုက်ရတာ” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလကလည်း အဆိုပါ KTV တွင် ကချင်လွတ်မြောက်ရေးတပ် (KIO) ၏အရာရှိ ၁၃ ဦးဖမ်းဆီးခံခဲ့ပြီး ထောင်ဒဏ်ငါးနှစ်စီ ချမှတ်ခံထားရကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ