ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာအုပ်စုနှင့် မှော်စီစာကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့နံနက်ပိုင်းက သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

ထွယ်ဆန်ယန်ကျေးရွာတွင် ယနေ့ နံနက် ၃ နာရီခန့်က သေနတ်ပစ်ဖောက်သံများကြားခဲ့ပြီးနောက် မိုးလင်းချိန်တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၀ နှစ်ခန့်အရွယ်ရှိ ဒေသခံ ယောင်္ကျားလေးတစ်ဦးက The 74 Media ကိုပြောသည်။

“ပထမစစချင်းတော့ လေးချက်ကို တစ်ချက်ချင်းစီပစ်နေတာ ခဏကြာမှ ဆက်တိုက်ဆွဲတော့တာ။ ဘာကြောင့် သတ်ခံရတာလဲဆိုတာတော့ မသိဘူး” ဟုပြောသည်။

သတ်ဖြတ်ခံရသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးဘဲ ရုပ်အလောင်းများကို လက်ရှိအချိန်ထိ လာရောက်ကောက်ယူခြင်းမရှိသေးကြောင်း နမ္မဖြစ်ကျေးရွာဒေသခံ အသက် ၃၇ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီအတိုင်းလမ်းမကြီးဘေးမှာ ဘယ်သူမှမထိရဲဘူး။ ဒါဟာစစ်တပ်က ပစ်သတ်သွားလို့ပဲ သူတို့လူပစ်သတ်ခံရကြည့်ပါလား၊ ပြာယာခတ်ပြီးတော့လာမှာလေ နားရေးကူညီမှုအသင်းတွေကိုလည်း ဆက်သွယ်ထားတယ် အခုထိမရောက်လာသေးဘူး” ဟုပြောသည်။

The 74 Media က ရရှိထားသော ဓာတ်ပုံများတွင် အမျိုးသားနှစ်ဦး ဦးခေါင်းတွင် ပစ်ခတ်ခံရသော ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည်။

ဖားကန့်မြို့နယ်တွင် ယခုတစ်ပါတ်အတွင်း ပစ်ခတ်သတ်ဖြတ်ခံရသူ ငါးဦးရှိပြီဖြစ်ပြီး မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

အေးမြသာယာအုပ်စု ညောင်ပင်ကုန်းအနီးတွင်လည်း ယမန်နေ့ နံနက် ၆ နာရီခန့်က အသက် ၂၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦးမှာ ဓားဒဏ်ရာနှင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ လုံးခင်းကျေးရွာအုပ်စုတွင် ဖမ်းဆီးခံခဲ့ရသည့် KIA လက်အောက်ရှိပြည်သူ့စစ်အဖွဲ့ဝင် ရဲဘော်များဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်များထံက သိရသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း သတ်ဖြတ်ခံခဲ့ရသူ ၁၂ ထက်မနည်းရှိခဲ့ပြီး မရှီကထောင် ကြိုးတံတားအနီးတွင်လည်း မေလ ၁ ရက်နေ့နံနက်က ဦးခေါင်းနှင့် ရင်အုပ်တို့တွင် သေနတ်ဒဏ်ရာများအပြင် ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း – SK

ဓာတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ