မြင်းမူမြို့နယ်သို့ ခြေလျင်စစ်ကြောင်း ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ခန့် သေဆုံးခဲ့ကြောင်း သိရသည်။အလ္လကပ္ပကျေးရွာမှ ရေပိုးစာကျေးရွာသို့ ချီတက်လာချိန် ဂွေးပင်တောကျေးရွာအနီးတွင် ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးခန့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“လမ်းလျှောက်ပြီးတော့လာတာ တစ်ဖက်ပွင့်နဲ့ ဆွဲလိုက်တာ မိုင်းဆိုရင်တော့ အဲ့လောက်တော့ မထိဘူး။ တစ်ဖက်ပွင့်နဲ့ လမ်းလျှောက်စစ်ကြောင်းဆိုတော့ တစ်ကြောလုံးထိသွားတာ အနီးကပ်မြင်ရတယ် နောက်ထပ် ခြေတွေ လက်တွေပြတ်သွားတယ်။ လက်နက်မပါလို့ ပြန်ပစ်ရင် လက်နက်တောင်ရနိုင်တယ်” ဟုသူကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကပြောသည်။

စစ်ဆင်ရေးတွင် Black Eagle Defence Force -MMU PDF၊ Myinmu Civil Revolution Force – CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့) ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စသည့်မဟာမိတ်ညီနှောင် (၅) ဖွဲ့နှင့်အတူ စစ်ကိုင်းခရိုင်တပ်ရင်း (၆) တပ်ခွဲ (၂) တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

မြောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်လက်နက်နှင့် ရိက္ခာပို့သည့် စက်လှေလေးစီးကို CDSOM၊ မြောင်နှင့်အတူ မဟာမိတ် ၂၇ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့နှင့် ၃၅၄ မိုင်ခန့်အကွာတွင်ရှိသော မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်း တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ခုရှိပြီး လူဦးရေ တစ်သိန်းခန့်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ