မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ ရဲနှစ်ဦး ယနေ့နံနက်ပိုင်း ဈေးဝယ်ထွက်ချိန် ပစ်သတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာကို ဝိုင်းဝန်းပိတ်ဆို့ထားကာ လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ကား ၂ စီး၊ အင်အား ၁၀၀ ခန့် ဖြင့် ယနေ့ ညနေ ၅ နာရီခန့်က ညောင်ဖြူပင်ကျေးရွာအတွင်းသို့ လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ‌အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေ မုံရွာကနေပြီး ဆင်းလာကြတာ။ ကားနှစ်စီးပါတယ်။ သတိထားပြီး နေနေရတယ်။ ရွာကို စစ်ကောင်စီတွေ ဝိုင်းထားတယ်။ သူတို့က ရွာထဲမှာ PDF ရှိတာလို့ထင်နေတာနေမှာ” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ညောင်ဖြူပင်ကျေးရွာမှ ပြည်သူများထွက်ပြေး တိမ်းရှောင်နေကြောင်းသူကပြောသည်။

မုံရွာမြို့နယ် အမြင့်လမ်းပေါ်ရှိ ညောင်ဖြူပင်ရဲစခန်းမှ ရဲနှစ်ဦးကို ယနေ့ နံနက်က ဈေးဝယ်နေချိန်အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင် တပ်ရင်း (၇) တပ်ခွဲ (၃) မှ တပ်ခွဲမှူးကပြောသည်။

“‌ရဲစခန်းကနေပြီးတော့ ရဲနှစ်ယောက် ဈေးဝယ်ထွက်တဲ့အချိန် တိုက်ခိုက်ပစ်ခတ်ခဲ့တာပေါ့နော်။ ရဲနှစ်ယောက်ကတော့ နေရာမှာတင် ဆုံးသွားပါတယ်ဗျ။ သူတို့မှာပါလာတဲ့ ပစ္စည်းနှစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့တယ်ဗျ။ ရဲစခန်းထဲ လူအင်အားတွေလဲ လာဖြည့်ထားပြီ” ဟုပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၇ )၊ Lightning People Defence Force မှ တပ်ခွဲ (၂)၊ တပ်ခွဲ (၃) နှင့် တပ်ခွဲ (၅) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက် နှစ်လက်ကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

သေဆုံးသွားသော ရဲနှစ်ဦးတွင် တစ်ဦးမှာ စခန်းမှူး ကိုသန်းလှိုင်ဖြစ်ကြောင်း သတင်များ ထွက်ပေါ်နေသော်လည်း The 74 Media မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ညောင်ဖြူပင်ကျေးရွာသည် မုံရွာမြို့နယ်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု တစ်ထောင်ကျော်ရှိပြီး လူဦးရေ ငါးထောင်ခန့် နေထိုင်သည်။

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို ဩဂုတ်လ ၂၁ ရက်နေ့က မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)နှင့် Aung San Force အဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ညောင်ဖြူပင်ရဲစခန်းမှူအပါအဝင် ၅ ဦး သေဆုံးသွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ