မင်းတပ်-မတူပီကားလမ်း၊ မိုင်တိုင် ၁၉ တွင် ယနေ့မွန်းလွဲတစ်နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို CDF အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် သံချပ်ကာယာဉ်တစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်သေဆုံးခဲ့ကြောင်းသိရသည်။

တိုက်ပွဲသည် တစ်နာရီကျော်ဖြစ်ပွားခဲ့ပြီး CDF တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း CDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီတစ်ခေါက်တိုက်ပွဲက တခြားတိုက်ပွဲနဲ့မတူဘဲ တစ်ခုထူးခြားတာက သံချပ်ကာဘီးစပေါက်ပြီး ပျက်ဆီးသွားတာ တွေ့လိုက်တယ်။ မင်းတပ် PDF ကတော့ အကျအဆုံးမရှိဘူး။ အထိအခိုက်ရောမရှိဘူး။ စကစဘက်ကတော့ ဆယ်ယောက်ကျော်အကျအရှုံးရှိပါတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းကြောင်းတစ်လျှောက်ရှိပြည်သူများ၏ နေအိမ်များအား ဝင်ရောက် မွှေနှောက်ဖျက်ဆီးမှုများရှိကြာင်း သူကဆက်ပြောသည်။

“သူတို့စစ်ကြောင်းတစ်လျှောက်မှာတော့ ကျေးရွာတွေကို ဖျက်ဆီးသွားတာတွေရှိတယ်။ ဖိုခနောက်တွေကအစ ယူသွားတာလည်းရှိတယ်။ အိမ်ထဲက စားပွဲတွေထိုင်ခုံကအစ မွှေနှောက်ဖျက်ဆီးတာရှိလို့ သူတို့လုပ်တဲ့ အသုသိုလ်တွေ ရက်စက်မှုတွေကို သူတို့ပြန်လည်ခံစားရမှာပါ။ အဲ့တာကြောင့်လည်း သူတို့အကျအဆုံး များတာပေါ့”ဟု ပြောသည်။

စစ်ကောင်စီယာဉ်တန်းအား CDF မှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးခန့်သေဆုံးခဲ့ကြောင်း CDF-မင်းတပ်၏ နေ့စဉ်တိုက်ပွဲတင်ပြချက်အရ သိရသည်။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ