ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ပူတောင်းကျေးရွာနှင့် လန်းတောင်ကျေးရွာတို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာကြောင်း ဒေသခံများထံမှသိရသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများ များပြားလာသောကြောင့် နောက်ဆက်တွဲအနေဖြင့် ခိုးမှု များပြားလာကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်တွင်းပစ္စည်းတွေ ဆိုင်ကယ်တွေ ဘာမှ ထားလို့မရဘူး။ အခြေအနေဆိုးလာတယ်။ မူးယစ်ဆေးဝါးသုံးကတော့ အများကြီး၊ တစ်အိမ်မှာ တစ်ယောက် နှစ်ယောက်လောက် သုံးနေတာပေါ့။ လူကြီးပိုင်းလည်းများတယ်” ဟုပြောသည်။

မူးယစ်ဆေးဝါးကြောင့် ပူတောင်းကျေးရွာတွင် ယခုနှစ်အတွင်း သေဆုံးသူရှစ်ဦးခန့်အထိ ရှိလာသည့်အပြင် အိမ်ထောင်ကွဲသွားသော မိသားစုများလည်း တိုးလာကြောင်း သူကဆက်ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသည့် ပုံစံလည်းပြောင်းလဲသွားကြောင်း အမည်မဖော်လိုသူ ပူတာအိုဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“မူးယစ်သုံးတဲ့သူက အများပိုင်းက ထိုးကြပါတယ်။ ရှူတဲ့သူက မရှိသလောက်နည်းတယ်ပေါ့။ အရင်က ရှူဘဲ ရှူတယ်ပြောတဲ့ သူငယ်ချင်းတွေတောင် ထိုးနေကြတာ တွေ့နေရတယ်” ဟုပြောသည်။

ပူတာအိုဇုံနယ် KBC နှစ်ခြင်းဘာသာရေးအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း (ပတ်ဂျဆန်) ကို ဘတ်ဂျတ်လိုအပ်ချက်ကြောင့် ပန်းတိုင်ရောက်သည်အထိ မလုပ်ဆောင်နိုင်ခဲ့ကြောင်း ပူတာအိုဇုံနယ် နှစ်ခြင်း ဘာသာရေးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အကုန်လုံးကို ပပျောက်သွားအောင် ကင်းစင်အောင် လုပ်ဆောင်သွားပေမယ့် နောက်ဆုံး ရလဒ်တော့ မရောက်ဘူး။ သူ့အတိုင်းအတာနဲ့ သူ အောင်မြင်တာတော့ ရှိပါတယ်။ NGO အဖွဲ့အစည်း တစ်ခုခုဝင်လာရင်တော့ ကောင်းတယ်” ဟုသူကပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပူတောင်းကျေးရွာတွင် အိမ်ထောင်စု ၄၁၂စု လူဦးရေစုစုပေါင်း ၂၅၆၂ ဦးနှင့် လန်းတောင်ကျေးရွာတွင် အိမ်ထောင်စု ၈၇၂စု လူဦးရေစုစုပေါင်း ၄၆၁၅ ဦး နေထိုင်သည်။

ပူတာအိုမြို့တွင် မူးယစ်ဆေးစွဲသည့် လူငယ်များအား ဘာသာရေးအခြပြု ပြန်လည်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းကို ဒုတ္တန်ရပ်ကွက်၊ မူလာရှီးဒီ ရပ်ကွက်နှင့် ဂျူဗလီရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော်လည်း ဆေးသုံးစွဲသူများ လျော့နည်းသွားခြင်းမရှိပေ။

ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းချသူ များပြားလာသည့်အတွက် တာဝန်ရှိသူများ အနေဖြင့် မှုးယစ်ဆေးဝါးပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန်အတွက် ပူတာအိုဒေသခံများက လိုလားနေကြသည်။

ပုံစာ/ ပူတာအိုမြို့ ဟိုခိုရပ်ကွက်တွင် မူးယစ်​ဆေးဝါးသုံးစွဲသူများ အသုံးပြုခဲ့​သော ​ဆေးထိုးအပ်များကို​တွေ့ရစဥ်။

Photo – Putao News Generation

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ