စစ်ကောင်စီတပ်က မုံကိုးမြို့နယ်၊ ဆိုင်ဝမ်ကျေးရွာအနီးတွင် ပစ်သတ်ထားသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းက မိသားစုဝင်များ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

မုံကိုးမြို့ ရပ်ကွက် (၄) တွင်နေထိုင်သည့် တရုတ်အမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၇ရက်နေ့က ပြောင်းဖူးခူးရန် ခြံသွားရာမှ အိမ်ပြန်မလာသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေရာ စိုက်ခင်းသွားသည့်လမ်းတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Mediaကိုပြောသည်။

“အိမ်ပြန်မလာလို့ လိုက်ရှာတော့ အဲ့တောင်မှာ ပြန်တွေ့တာပေါ့၊ ဘာကြောင့် သတ်တာလဲ မသိဘူး၊ သူက တောင်ပေါ်တရုတ်ပြန်ဖြစ်နေတော့ စာလဲမတတ်ဘူးလေ၊ စစ်ကောင်စီက MNDAAတွေနဲ့ပြန်ဖြစ်တော့ အဲ့တာကြောင့်ပစ်လိုက်တာနေမှာ သူလည်း ဗမာစကားမတတ်ဘူးဆိုတော့” ဟုပြောသည်။

သေဆုံးသူ၏ နားထင်တွင် သေနတ်ဒဏ်ရာအပြင် ခြေထောက်ရိုက်ချိုးခံထားရသော ဒဏ်ရာများကိုလည်း တွေ့ရှိခဲ့ကြောင်းသိရသည်။

ပစ်သတ်ခံရသူသည် အသက် ၃၀ နှစ်အရွယ် ကလေး သုံးဦးဖခင် ဦးဖန်အဲယန်းဖြစ်ပြီး ဗမာစကားမပြောတတ်သည့် မြန်မာနိုင်ငံသား တရုတ်လူမျိုးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးဒေသသို့ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့လျက်ရှိသောကြောင့် MNDAAတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြား သေဆုံးခဲ့သည်။

ပုံ/ စစ်ကောင်စီတပ်က ပစ်သတ်ထားသော ဦးဖန်အဲယန်း။ (Photo-CJ)

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ