ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ဝင်ရောက်လည်ပတ်ခွင့်ပိတ်ထားသည့် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာ မနောင်ကွင်းကို လာမည့်နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်သွားတော့မည် ဖြစ်ကြောင်းသိရသည်။

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရာမှ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ထားပြီး မကြာခင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အမှုဆောင်ကော်မတီဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကိုဗစ်စည်းကမ်းနဲ့အညီပြန်ဖွင့်နိုင်ဖို့တော့ ပြင်ဆင်ထားပါတယ်။ ပြီးတော့ မနောင်ကွင်း လုံခြုံရေးရှိဖို့နဲ့ ကားဆိုင်ကယ်တွေ စနစ်တကျထားရှိဖို့အတွက် စီစဉ်ထားပါတယ်။ အမှိုက်တွေကိုလည်း စနစ်တကျစွန့်ပစ်ဖို့ အတွက် အမှိုက်ပုံးတွေ စာတွေလည်း ကပ်ပြီး စီစဉ်ထားပါတယ်။” ဟု သူကပြောသည်။

လာရောက်လည်ပတ်သူများအနေဖြင့် စနစ်တကျအမှိုက်စွန့်ပစ်ကြရန်၊ မူးယစ်ဆေးဝါးသောက်စားခြင်းများ မပြုလုပ်ရန်နှင့် သတ်မှတ်ချိန်အတွင်း ဝင်ထွက်သွားလာပေးစေလိုကြောင်း သူကဆက်ပြောသည်။

မနောင်ကွင်း ဝင်ကြေးကို ပုံမှန်အတိုင်း လူတစ်ဦးလျှင် ၂၀၀ ကျပ်၊ ဆိုင်ကယ်နှင့် အိမ်စီးကား ၅၀၀ ကျပ်၊ ကားကြီးကို ၁၀၀၀ ကျပ်ဟူ၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရိုးရာမနောင်ကွင်းသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်အဖြစ် တရားဝင် သတ်မှတ်ခဲ့သည့် နေရာဖြစ်ပြီး ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာမနောင်ပွဲများ ကျင်းပခဲ့သည့် နေရာဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ