တန့်ဆည်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွှဲ ၂ နာရီခန့်တွင် ကာပေါင်းကျကျေးရွာကို ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ကာပေါင်းကျကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေစဉ် မီးရှို့ဖျက်ဆီးခံရသောကြောင့် ရွာအတွက် မျှော်လင့်ချက်မဲ့သလိုခံစားလာရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မီးရှို့ခံရထားကို လက်ပိုင်းကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ ဝမ်းနည်းတာပေါ့။ ရွာအတွက်ကတော့ မျှော်လင့်ချက်မရှိပါဘူး။ ကူမယ့်သူတွေရောက်မလာသေးသ၍ ဒီနေ့အရှို့မခံရလည်း နောက်နေ့ရှို့ခံရမှာပဲ။” ဟုသူကပြောသည်။

စစ်ကောင်စီတပ်များ ပထမဆုံးအကြိမ် ရွာသို့ဝင်ရောက်ခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က နေအိမ် ကိုးလုံးမီးရှို့ခဲ့သည့်အပြင် ရွာအတွင်း ဝင်ရောက်တပ်စွဲကာ အောက်တိုဘာလ တစ်လအတွင်း ရွာကို လေးကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။

အောက်တိုဘာ ၁၇ ရက်နေ့မှစတင်ပြီး ဒေသခံပြည်သူများ ရွာသို့ဝင်ရောက်ခြင်း မရှိသောကြောင့် နေအိမ်မည်မျှ မီးလောင်ပျက်စီးသွားသည်ကို အတိအကျ မသိနိုင်ဟု ဒေသခံများကဆိုသည်။

ကာပေါင်းကျကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိသည့် ကျေးရွာဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ