စစ်ရေးလှုပ်ရှားမှုပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို လီဒိုလမ်းမပေါ်ရှိ တခတ်ကျေးရွာအနီးတွင် ယနေ့နံနက် ၁၁ နာရီခန့်၌ ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းသိရဿည်။

ကေအိုင်အေ၏ တိုက်ခိုက်မှုကြောင့် ဗုံးကွဲသံသုံးကြိမ်အပြင် သေနတ်ပစ်ခတ်သံများလည်း ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာပြင်မှာဖြစ်တာ မိုင်းသုံးကြိမ် ပေါက်တယ်၊ မိုင်းပေါက်ပြီးမှ သေနတ်သံတွေကြားရတာ၊ သူတို့ လမ်းတစ်လျောက် ပစ်သွားတာ၊ သေနတ်သံတွေ ရှင်းရှင်းလင်းလင်းကို အရမ်းကြားရတယ် ၊ မိုင်းသံလည်း တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်” ဟု သူကပြောသည်။

ပစ်ခတ်သံများကြားရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တခတ်ကျေးရွာကို ဖြတ်သန်းလာစဉ် ရွာသူရွာသားများကို အကြောင်းမဲ့စိန်ခေါ် အော်ဟစ်မှုများပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“ရွာထဲက ယောက်ျားလေးတွေ အားလုံးထွက်ခဲ့ဆိုပြီးအော်သွားတာ” ဟု ဆိုသည်။

တနိုင်းမြို့နယ် လဂျားဘွမ်ကျေးရွာနှင့် တရုံကျေးရွာကြားတွင် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဦးခန့်ကို ကေအိုင်အေက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

==============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ