တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာမှ စစ်ရှောင်ပြည်သူများ တိမ်းရှောင်နေသည့် နေရာသို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ရွာသို့ ဝင်လာသောကြောင့် တိမ်းရှောင်နေသည့် နေရာအနီးသို့ ယနေ့နံနက်တွင် လက်နက်ကြီး ကျရောက်ခဲ့သောကြောင့် ထပ်မံထွက်ပြေးခဲ့ရခြင်း ဖြစ်သည်ဟု စစ်ရှောင်ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီး နှစ်လုံးပစ်တာ ကျည်ကျတာ ကျွန်တော်တို့နဲ့ မဝေးဘူး။ ပစ်ပြီးကတည်းက တဲတွေရှို့နေတယ်။ မီးခိုးပဲမြင်နေရတာ။ တဲတွေထဲမှာ ပဲတွေ၊ ဆီတွေ၊ ဆန်တွေရှိတယ်။ အကုန်ရှို့ခံရရင် ဘာလုပ်စားကြမတုန်း။ စပါးတွေလည်း မှည့်လာပြီ ရိတ်သိမ်းရတော့မှာ” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွန်းတည့် ၁၂ နာရီခန့်က ကာပေါင်းကျကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့သည့်အပြင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သူကဆက်ပြောသည်။

ကာပေါင်းကျကျေးရွာသို့ ယမန်နေ့ အောက်တိုဘာ ၂၂ ရက် ညနေ၄ နာရီခန့်က ရဟက်ယာဉ်ဆင်းသောကြောင့် ရိက္ခာနှင့် လက်နက်များ လာရောက်ဖြည့်တင်းခြင်းဖြစ်နိုင်သည်ဟု ဒေသခံများ သုံးသပ်ကြသည်။

တန့်ဆည်မြို့နှင့် တနယ်ကျေးရွာကြားတွင် အောက်တိုဘာ ၁၉ ရက်နေ့ ည ၉ နာရီခန့်က စစ်အင်အားဖြည့်တင်းရန် လာသော စစ်ကောင်စီယာဉ်တန်းကို ဒေသခံ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ