ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်မြေပြင်တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်အချို့သိမ်းဆည်းရမိကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် မုံကိုးဒေသ၊ ရှီကျိကျတောင်တန်းတွင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း MNDAAတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း‌ရေး လုပ်ဆောင်ချိန်တွင် စစ်ကောင်စီတပ်သား အလောင်း ၂၀ကျော်အပြင် လက်နက်များကို သိမ်းဆည်းရရှိထားသည့်အပြင် ယမန်နေ့ကလည်း လက်နက်များကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် စစ်ကောင်စီတပ် အသုံးပြုသည့် MA အမျိုးအစား မောင်းပြန်ရိုင်ဖယ် နှစ်လက်၊ ယင်းကျည်ကတ် ၁၄ ခု၊ အီနာဂါဗုံးသီး နှစ်လုံး၊ ၄၀မမ ဗုံးသီးတစ်လုံး၊ ၆၀ မမ ဗုံးသီးနှစ်လုံး၊ လက်ပစ်ဗုံးအချို့နှင့် မြေမြုပ်မိုင်းများ ပါဝင်သည်။

စစ်ကောင်စီ တပ်ရင်း (၅၆၇) က ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နေ့တွင် စစ်အင်အား (၈၀)ကျော်ဖြင့် MNDAA တပ်ရှိရာသို့ ချီတက်လာစဉ် မူပန်ခရိုင် (သိန္နီဒေသ) အထူးဒေသ(၁)၊ ကြာရမ်းကျေးရွာနှင့် ထန်ကြာပရွာအနီးတွင် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ၏ထိုးစစ်ဆင်မှုလျော့နည်းလာပြီး ကိုးကန့် MNDAAတပ် သည်လည်း အထူးဒေသ(၁)မုံးကိုးခရိုင်၊ ဖောင်းဆိုင်‌ဒေသ၏ စစ်မြေပြင်များကို ရှင်းလင်းရေးများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကိုးကန့်တပ်ဖွဲ့ MNDAAရှိရာ မုံးကိုး‌ဒေသ၌ စစ်ရေးအင်အားတိုးချဲ့မှုများ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ