မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ မြင့်မားလာသောကြောင့် မြစ်ကြီးနား-ရန်ကုန် အဝေးပြေးကားများ၏ ယာဉ်စီးခဈေးနှုန်းမြင့်တက်သွားကြောင်းသိရသည်။

ယာဉ်စီးခကို ပြီးခဲ့သည့် ရက်သတ္တပါတ်မှစ၍ တရားဝင်တိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း မြစ်ဖျားဧရာ အဝေးပြေးယာဉ်လိုင်း ကြီးကြပ်ရေးကော်မတီဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုအချိန်မှာက ကားဆီဈေးတွေ တက်တဲ့အချိန်ကျတော့လေ ရန်ကုန်-မန္တလေးခရီးသည်တွေကိုတော့ တရားဝင် ငါးထောင်စီ ပိုကောက်ရတာပေါ့။ စကောက်တာကတော့ တစ်ပတ်ကျော်လောက်ရှိပြီ။ ဂိတ်တိုင်းလိုလိုတော့ ပြေးဆွဲနေတာပဲ။ တချို့ဂိတ်က ခရီးသည်မရှိလို့ ပြေးဆွဲမှုမရှိရုံပဲ၊ ဘယ်ဂိတ်မှ ပိတ်ထားတာတော့မရှိဘူး” ဟု ပြောသည်။

ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ ခရီးသည်များအား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေပြီး ခရီးလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ပုံမှန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သူက ဆက်ပြောသည်။

“ကိုဗစ်စည်းကမ်းနဲ့အညီ ပြေးဆွဲနေပါတယ်။ ကားပေါ်မှာလည်း mask တပ်ရတယ်။ ကားပေါ်မှာလည်း လူက အပြည့်မတင်ဘူး။ ၂၀ ယောက်ပဲ တင်တာလေ။ ခရီးသည်တွေအနေနဲ့က မှတ်ပုံတင်ပါရင်ကိုရပါပြီ။ လမ်းမှာလည်း အရမ်းတင်းကြပ်တဲ့ စစ်ဆေးရေးတော့မရှိပါဘူး” ဟု ပြောသည်။

မြစ်ဖျားဧရာကားကြီးကွင်းအတွင်းရှိ မြစ်ကြီးနား-ရန်ကုန် ပြေးဆွဲလျှက်ရှိသော အဝေးပြေးကားဂိတ်များမှ High Class ယာဉ်လိုင်းနှင့် မိုးကောင်းကင်ယာဉ်လိုင်းသည် ယခင်က ၃၈၀၀၀ကျပ်မှ ယခုအချိန်တွင် ၄၀၀၀၀ ကျပ်၊ မျိုးဆက်သစ်ယာဉ်လိုင်းသည် ယခင်က ၃၅၀၀၀ ကျပ်မှ ယခုအချိန်တွင် ၄၀၀၀၀ ကျပ်ဖြစ်သွားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာကားကြီးကွင်းတွင် ပြေးဆွဲနေသောယာဉ်လိုင်းများတွင် ယာဉ်စီးခပိုမိုကောက်ခံသည့် ယာဉ်လိုင်းများကို အရေးယူမည်ဟု ယခင်နှစ်က သတိပေးထားသော်လည်း ယခုအချိန်တွင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် တရားဝင်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *