ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် လဂျားဘွမ်ကျေးရွာနှင့် တရုံကျေးရွာအကြားတွင် ယနေ့ နံနက် ၉ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဦးခန့်ကို ကေအိုင်အေက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တရုံဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တောင်ကြားမှာ ဖြစ်တာ မိုင်းထောင်ထားပြီး ပစ်တာဟုတ်တယ်၊ လက်နက်ကြီးသံ နှစ်ချက်ကြားတယ်။ စစ်တပ်ဘက် ထိခိုက်တာတွေရှိတယ် ဆယ်ယောက်လောက်သေတယ်လို့ပြောတယ် ကျွန်တော်တို့လည်း သေချာတော့မမြင်ဘူး။” ဟု သူကပြောသည်။

တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအနီးတွင်လည်း အောက်တိုဘာလ ၆ ရက်နေ့က ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တနိုင်းမြို့နယ်သို့ စစ်ကောင်စီတပ်က အင်အားနှင့် လက်နက် ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်နေသောကြောင့် တနိုင်းနှင့် ရှင်ဗွေယန်လမ်းတစ်လျောက်တွင် စစ်ကောင်စီနှင့် ကေအိုင်အေတို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ