ကချင်လွတ်မြောက်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်တို့သည် ယနေ့နံနက် ၉ နာရီခွဲခန့်က မူဆယ် – ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ခလွမ်ပါအနီးမှ ဆိုင်းဟွမ်တောင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် ခ.လ.ရ (၆၉) နှင့် (၂၉၀) တို့က စစ်ကြောင်းချီတက်လာသည်ကို KIA တပ်မဟာ ၆ တပ်ရင်း ၉ က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မန်းလွယ်ကျေးရွာအနီးတွင်လည်း အောက်တိုဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်နှစ်စင်းဖြင့် လက်နက်ကြီး လာရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း (ကြူကုတ်) မုံကိုး၊ ဖောင်ဆိုင်ဒေသတွင်လည်း MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး၊ တိုက်ပွဲဖြစ်ပွားချိန် အရပ်သားတစ်ဦး လက်နက်ကြီး ကျည်ထိမှန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ မကြာခဏ စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ကြား အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ